ပေါင်းတည် ၁၆ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် သဖန်းချိုကျေးရွာ၌ ကျေးရွာတွင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်‌လျက်ရှိ‌ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။



သဖန်းချိုကျေးရွာ၌ ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ရာတွင် မြေနီကျောက်စရစ်ခင်းခြင်း အရှည်ပေ ၃၆၅၀၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မခင်းခြင်းလုပ်ငန်းအား ယခု ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၆ ဒသမ ၁သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်ယခုနှစ် မေလ အတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ပြောသည်။



အဆိုပါ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု့ကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် ဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းလမ်းများ မြေနီကျောက်စရစ်ခင်းခြင်း ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေရှည်တည်တံ့ ခိုင်မြဲရေး ကျေးရွာလမ်းကော်မတီနှင့် ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။



ငြိမ်းသူ