ဂန့်ဂေါ ၁၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်း၊ ပုံတောင်/ပုံညာဒေသ မိုင်တိုင်အမှတ် ၆၇/၀ နှင့် ၈၀/၀ အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေမြောင်းပါ မြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေမြောင်းပါမြေထိန်းနံရံမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ (၉၃.၈)သန်းဖြင့် တည်ဆောက်လျက်ရှိပြီး အလျား (၇၃၈) ပေ၊ အမြင့် (၁၀) ပေရှိကြောင်းနှင့် မိုးများသည့်အခါတွင် ဖြစ်လေ့ဖြစ်ထရှိသည့် လမ်းရေတိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေမြောင်းပါမြေထိန်းနံရံ ပြီးစီးမှုအခြေအနေအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးသူရစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေရှည်တည်တံ့နိုင်ရန် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


