ကျောက်မဲ ၁၆ ဇွန်လ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ မက်သဒုန်းဆေးတိုက်ကျွေးသည့် ဌာနရှေ့တွင် မူးယစ်ဆေးဖြတ်သည့် လူနာများအနေဖြင့် မက်သဒုန်းဆေးအား သတ်မှတ်ညွှန်ကြားချက်နှင့် အညီစနစ်တကျ အသုံးပြုနိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်ဆေးရုံအုပ် ဒေါက်တာကျော်မျိုးထွန်းက မက်သဒုန်းဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ကောင်းကျိုး/ဆိုးကျိုး များကို လည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)မှ ဧရိယာမန်နေဂျာ ဒေါက်တာသိန်းဇော်က မက်သဒုန်းဆေးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ကိုလည်းကောင်း၊ ကျောက်မဲမြို့မစခန်းမှူး ဒုရဲမှူး ရဲမြင့်အောင်က မူးယစ်ဆေးဖြတ်လိုသည့်သူများကို ဉပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသီးသီး ရှင်းလင်းဆွေးခဲ့သည်။
ကျောက်မဲမြို့တွင် မက်သဒုန်းဆေး သောက်သုံးသူ ၁၄၅ ဦးခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်စေရန်အတွက် တစ်ရက်လျှင် လူ ၅၀ နှုန်းကိုသာ သတ်မှတ်စည်းကမ်းချက် ၆ ချက်နှင့်အညီ မက်သဒုန်းဆေး တိုက်ကျွေးသွားမည်ဖြစ်သည်။
မက်သဒုန်းဆေး သောက်သုံးနေသော လူနာ၏မိဘ(သို့) အုပ်ထိန်းသူများမှ အဆိုပါမက်သဒုန်းဆေးကို အလွဲသုံးစားမပြုပဲ သတ်မှတ်စည်းကမ်းနှင့် သောက်သုံးပါမည်ဟု တာဝန်ယူ ခံဝန်ချက်လက်မှတ်ရေးထိုးပါက မက်သဒုန်းဆေးကို တစ်ပတ်စာထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျောက်မဲခရိုင်ပြည်သူဆေးရုံအုပ်၏ ပြောကြားချက်အရ သိရှိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


