နေပြည်တော်  ၁၆  ဇွန်

 

ကိုဗစ်-၁၉ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ ပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ထားသော ကိုယ်ဝန် ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ ပညာရေးကောလိပ်နှင့် မကွေးမြို့ စက္ကတဲဘုရားကျောင်းဝန်းတို့၌ ဆောင်ရွက်သည်။

 

အခမ်းအနားသို့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပညာရေး ကောလိပ် ဝန်းအတွင်းနှင့် မင်းဘူးမြို့၊ စက္ကတဲ ဘုရားကျောင်းဝန်းအတွင်းတို့၌ Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့် နေရာများသို့၌ ပြည်ထောင်စုဝန်ကြီးက အသွားအလာ ကန့်သတ်ထား ရှိ သူများအား ကူညီဆောင်ရွက် ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများ အတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ ဝန်ထမ်းရင်ထိုး တံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ ဝန်ထမ်း ကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မကွေးတိုင်း ဒေသကြီး အတွင်းရှိ အသွားအလာကန့်သတ်နေရာများတွင်ရှိသော ကိုယ်ဝန်ဆောင် မိခင် (၁၀၁) ဦး၊  အသက်(၅) နှစ်အောက်ကလေး (၂၆)ဦးနှင့် အသက်(၆၀)နှင့်အထက် သက်ကြီး ရွယ်အို (၈)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄,ဝ၅၀,ဝ၀ဝိ/-) ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံများထံသို့ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက အဆိုပါ စေတနာ့ ဝန်ထမ်း ကိုယ်စားလှယ်များအား ကူညီဆောင်ရွက်မှုလုပ်ငန်းများတွင်  ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်း၍ ကူညီပံ့ပိုးမည့်ကိစ္စများကို ရှင်းလင်းပြောကြားသည်။

 

ယနေ့ အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့ရှိ မြို့နယ်(၂၅)မြို့နယ် အတွင်းရှိ စုစုပေါင်း စေတနာ့ ဝန်ထမ်း (၇,၅၈၀) ၊ ပရဟိတအဖွဲ့ (၁၇၂) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိ အမှတ်ပြု ဂုဏ်ပြုလွှာများကို မကွေးတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ ဝန်ထမ်းများ နှင့် ပရဟိတအဖွဲ့များ စာရင်းကျန်ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည် ဖြစ်သည်။

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာလ၏ စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ များအား တွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်း ပေးအပ်ခြင်း၊ အခမ်းအနားဖြင့် ဂုဏ်ပြုပြောကြားခြင်းများကို ဆောင်ရွက် နိုင်ခြင်းမရှိဘဲ လိုအပ်ချက်များကို မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့မှ အဆင့်ဆင့် သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြု ပေးအပ်သွားမည် ဖြစ်သည်။

ယနေ့ မကွေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)