ကျောက်ဖြူ    ၁၆  ဇွန်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးတို့နှင့်အတူ ဇွန် ၁၅ ရက်၊ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။      

                                

ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ပြည်နယ်အဆင လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ပထမ(၆)လပတ်မှာ လုပ်ငန်းများပြီးပြည့်စုံစွာ စီစဉ်ဆောင်ရွက်ထားနိုင်မှသာ ဒုတိယ(၆)လပတ်တွင် ပိုပြီးတော့ ပြီးပြည့်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ (၆)လပတ်ဘဏ္ဍာငွေ ခွဲဝေချထားပေးရာတွင် ယခင်နှစ်များထက်ပိုမို၍ စနစ်တကျ ချထားပေးလျက်ရှိပါကြောင်း၊ အခြေခံအဆောက်အအုံများဖြစ်တဲ့ မီးရရှိရေး၊ လမ်း၊ တံတား စသည်တို့ကို ယခင်ထက်ကောင်းမွန်အောင် လုပ်နိုင်ခဲ့တာကို တွေ့ရမည် ဖြစ်ပါကြောင်း၊

 

နိုင်ငံတော်က ချထားပေးသည့် ရန်ပုံငွေများကို စေတနာထားပြီးဆောင်ရွက်မည်ဆိုပါက ရခိုင်ပြည်နယ်ဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ငွေကြေးသုံးစွဲမှုများကို အလေအလွင့် နည်းနိုင်သမျှနည်းအောင်၊ အထူးသဖြင့် ဖြည့်စွက်ရန်ပုံငွေများကို လုံးဝအပိုအလိုမရှိဘဲ ပြန်လည် အပ်နှံရခြင်းမရှိအောင် အထူးဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျောက်ဖြူခရိုင်ရှိ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး များကစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး က ထပ်မံဖြည့်စွက်ရှင်းလင်း တင်ပြသည်။         

                

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများနှင့် အတွင်းရေးမှူး တို့က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်များ၊ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ၊ ရငွေများအရ ကောက်ခံခြင်းနှင့် ရန်ပုံငွေသုံးစွဲမှုများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရေး၊ လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီရေး ဆွေးနွေးမှာ ကြားပြီးပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။               

             

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ သည် ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်ရှိ     ရမ္မာဝတီ ဆောက်လုပ်ရေးမှ      တာဝန်ယူဆောက်လုပ်နေသည့် ပေ  (၆၀ ×၁၅) သံကူကွန်ကရစ်အမျိုးအစား ခရီးသည်နားနေဆောင် အဆောက်အအုံ တည်ဆောက်ပြီးစီးမှု၊ စိုက်ပျိုးရေးဦးစီးဌာနအား အစားထိုးပေးရန် ဝယ်ယူထားသည့်မြေနေရာ၊ ကညှင်းတော ဈေးနေရာချထားမည့် မြေနေရာများသို့ ကွင်းဆင်ကြည့်ရှုစစ်ဆေးပြီး၊ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ပြန်ဆက်)