နေပြည်တော် ၁၆ ဇွန်

 

Covid–19 ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Covid–19 ရောဂါကြောင့် လုပ်ကွက်ငယ်တောင်သူများနှင့် ထုတ်လုပ်ရောင်းချသူများအနေဖြင့် သွင်းအားစုများနှင့် အရင်းအနှီးများ လိုအပ်လျက်ရှိနေကြရာ အဆိုပါလိုအပ်မှုများအတွက် Covid – 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် ၂.၁.၇.(ခ) Cash for lending Support အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။

 

“ဒီစီမံကိန်းက Covid – 19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူဖြစ်စေဖို့၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူတွေ လိုအပ်တဲ့သွင်းအားစုတွေနဲ့ ငွေကြေးအရင်းအနှီးတွေ ရရှိစေနိုင်ဖို့၊ လုပ်ကွက်ငယ်တောင်သူတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေ ငွေကြေးအရင်းအနှီးရရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့နဲ့ မိသားစုဝင်ငွေ တိုးပွားလာစေဖို့၊ တိုးပွားလာတဲ့ရန်ပုံငွေတွေနဲ့ ကျေးရွာပိုင် မတည်ရန်ပုံငွေထူထောင်ပြီး စဉ်ဆက်မပြတ်ငွေကြေးအရင်း အမြစ်ရရှိနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

 

“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  တွေဆောင်ရွက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျေးရွာလည်ပတ်ရန်ပုံငွေ ဒါမှမဟုတ် ကျေးရွာမတည်ရန်ပုံငွေ ထူထောင်သွားဖို့ ပါဝင်ပါတယ်။ ရန်ပုံငွေကတော့ နိုင်ငံတော်အစိုးရအပါအဝင် ပြည်တွင်းပြည်ပ လှူဒါန်းမှုတွေ၊ ပြည်တွင်းပြည်ပ အထောက်အပံ့တွေနဲ့ ချေးငွေတွေကနေရရှိမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် စီမံကိန်းကို ဒီဇွန်လထဲမှာ စတင်ဖို့အစီအစဉ်တွေ ဆွဲထားပါတယ်။ ရန်ပုံငွေ ရတဲ့အပေါ်မူတည်ပြီး နောက်သုံးလမှာ ကျေးရွာရွေးချယ်တာတွေ၊ အိမ်ထောင်စု ရွေးတာတွေ၊ ကော်မတီဖွဲ့တာတွေနဲ့ ထုတ်ချေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောသည်။

 

အဆိုပါစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၁၇၀၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားကြောင်းလည်း သိရသည်။

 

“ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာတွေ ရွေးချယ်တဲ့နေရာမှာ လုပ်ကွက်ငယ် တောင်သူတွေများတဲ့ ရွာတွေ၊ စိုက်ပျိုးမွေးမြူသူနဲ့ ထုတ်လုပ်ရောင်းချသူများတဲ့ ကျေးရွာတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ ကျေးရွာတွေ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ကျေးရွာတွေ၊ လုံခြုံရေးကောင်းမွန်ပြီး နယ်မြေအေးချမ်းတဲ့ ကျေးရွာတွေ၊ စည်းလုံးညီညွတ်တဲ့ ကျေးရွာတွေနဲ့ စီမံကိန်းဆောင်ရွက်ဖို့ စိတ်အားထက်သန်တဲ့ကျေးရွာတွေကို ရွေးချယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ အိမ်ခြေ ၁၀၁ အိမ်နဲ့ အထက်ကို ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်ကနေ ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ နဲ့ အိမ်ခြေ ၅၀ အောက်ကို ကျပ်သိန်း ၁၀၀ ထုတ်ချေးသွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

 

အဆိုပါစီမံကိန်းတွင် လက်ရှိစီးပွားရေးလုပ်ကိုင်နေသူများနှင့် တိုးချဲ့လုပ်ကိုင်လိုသူ အိမ်ထောင်စုများကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်း စတင်လုပ်ကိုင်လိုသည့် အိမ်ထောင်စုများကို စီမံကိန်း၏ ဒုတိယနှစ်မှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဆောင်ရွက်မယ့် အိမ်ထောင်စုတွေ ရွေးချယ်တဲ့နေရာမှာ Covid – 19 ကူးစက်ရောဂါကြောင့် ထိခိုက်သွားတဲ့ အိမ်ထောင်စုတွေ၊ လယ်ယာ၊ သားငါးစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အစုအဖွဲ့နဲ့ ဆောင်ရွက်လိုတဲ့ အိမ်ထောင်စုတွေ၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အိမ်ထောင်စုတွေ၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်နေတဲ့ အိမ်ထောင်စုတွေနဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းဆောင်ရွက်လိုတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

စီမံကိန်းကျေးရွာများ ရွေးချယ်ပြီးစီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအဆင့် ဗဟိုကော်မတီက စီမံကိန်းဆောင်ရွက်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ပြီးသည့် ကျေးရွာဖြစ်သော်လည်း စီမံကိန်းအောင်မြင်စွာ လည်ပတ်နိုင်ရန် ဖြစ်နိုင်စွမ်းနည်းပါးသည်ဟု သုံးသပ်တွေ့ရှိပါက ကျေးရွာပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“စီမံကိန်းကျေးရွာတွေ ရွေးချယ်တဲ့နေရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်တဲ့လုပ်ငန်းကော်မတီအနေနဲ့ လွှတ်တော်အသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီဝင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရွေးချယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီကနေ စီမံကိန်းကျေးရွာတွေ ရွေးချယ်ပြီးစီးသွားရင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ အတည်ပြုချက်နဲ့ ပြည်ထောင်စုအဆင့် ဗဟိုကော်မတီကနေ စီမံကိန်းဆောင်ရွက်ဖို့ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ရွေးချယ်တဲ့ကျေးရွာက ရန်ပုံငွေလွှဲပြောင်းခြင်းမပြုမီ စီမံကိန်းအောင်မြင်စွာ လည်ပတ်နိုင်မယ့် ဖြစ်နိုင်စွမ်းနည်းပါးတယ်လို့ သုံးသပ်တွေ့ရှိရင် ကျေးရွာပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းဆောင်ရွက်နေစဉ် သတ်မှတ်စည်းကမ်းချက်တွေ ဖောက်ဖျက်ရင်လည်း ကျေးရွာပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးရွာမတည် ရန်ပုံငွေနဲ့ ပတ်သက်လို့ ကျေးရွာရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဖွဲ့ပြီး ကျေးရွာလူထု အများသဘောတူမဲစနစ်နဲ့ အမျိုးသမီးဦးရေ ထက်ဝက်ပါတဲ့ အိမ်ခြေ ၁၀၀ နဲ့ အထက် ကျေးရွာတွေမှာ ကော်မတီဝင် ၇ ဦး၊ အိမ်ခြေ ၁၀၀ အောက် ကျေးရွာတွေမှာ ကော်မတီဝင် ၅ ဦး ရွေးချယ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဒါမှမဟုတ် ကျေးရွာတာဝန်ခံက နာယကအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

 

ကျေးရွာမတည်ရန်ပုံငွေ သုံးစွဲသူများအနေဖြင့် စီမံကိန်းစတင်ဆောင်ရွက်သည့် ပထမနှစ်တွင် အတိုးနှုန်းအနေဖြင့် ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊  စီမံကိန်း ဒုတိယနှစ်တွင်  ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၅၀ ပြားမှ ၁ ကျပ် ၅၀ ပြားအတွင်း ကျေးရွာ၏ သဘောတူညီချက်ဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အတိုးနှုန်းကောက်ခံမှုများကို ၃ လတစ်ကြိမ် သို့မဟုတ် ၆ လလျှင်တစ်ကြိမ် ကောက်ခံသွားမည်ဖြစ်ကာ အရင်းပြန်လည်ပေးဆပ်ကာလကို အများဆုံး ၁ နှစ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းဖြစ်ပါက အရင်းဆပ်ကာလသက်တမ်းတိုးခြင်း အများဆုံး ၂ ကြိမ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် Covid-19 စီးပွားရေး ကုစားမှုအစီစဉ်ကို အထောက်အကူပြုခြင်း စီမံကိန်းမှ အတိုးနှုန်းသက်သာသည့် ချေးငွေရယူနိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပေါ်ပေါက်လာခြင်း၊ မိသားစုများဝင်ငွေတိုးပွားလာခြင်း၊ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူများ ရရှိခံစားနိုင်မည်ဖြစ်သည်။ 

 

မင်းမင်းဇော်၊ ဟန်နီဝင်း(သတင်းစဉ်)

ဓာတ်ပုံ- မောင်ဇော်(ကလေး)