နေပြည်တော် ၁၆ ဇွန်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြို့နယ်နှင့် ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)နှင့် ပုဒ်မ ၃၀(ခ)တို့အရ ခွင့်ပြုခဲ့သည့် လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို လယ်ယာမြေနည်းဥပဒေ ၉၀ နှင့်အညီ ကွင်းဆင်းစစ်ဆေးတင်ပြရန် လိုအပ်ပြီး ကွင်းဆင်းစစ်ဆေးချက်အရ သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုခြင်း၊ သတ်မှတ်သည့်ကာလအတွင်း လုပ်ငန်းပြီးစီးမှု မရှိခြင်းများကို တွေ့ရှိပါက နည်းဥပဒေပါ ပြဌာန်းချက်နှင့်အညီ သီးခြားကိစ္စတစ်ရပ်အဖြစ် အမှုတွဲဖွင့်လှစ်၍ လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ပြန်လည်တင်ပြရန် လိုအပ်ကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်မှသာ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် အမှန်တကယ် လိုအပ်ချက်အရ လုပ်ငန်းဆောင်ရွက်အသုံးပြုလိုသူများသာ လျှောက်ထားလာနိုင်ပြီး မြေတန်ဖိုးမြင့်တက်လာစေရန် ရည်ရွယ်၍ အမှန်တကယ်အသုံးပြုလိုမှုမရှိဘဲ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ထို့အပြင် လယ်ယာမြေအငြင်းပွားမှုဖြစ်စဉ်များ ဖြေရှင်းခြင်းအပါအဝင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားခြင်း လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ်ရင်းနှီး မြုပ်နှံမည့်သူများအတွက် လုပ်ငန်းဆောင်ရွက်မှု အဟန့်အတားမဖြစ်စေဘဲ တစ်ဘက်တွင်လည်း နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက စိစစ်တင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) သိမ်းဆည်းပယ်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် အသုံးပြုခွင့် ရရှိထားသောမြေကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေအဖြစ် သတ်မှတ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ထုတ်ပေးရန် တင်ပြလာသော ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု ကိစ္စများကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


