ရန်ကုန် ၁၆ ဇွန်

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ၊ ဆရာကိုင်စာအုပ်များ၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဥပဒေစာအုပ်များကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (Myanmar Book Aid & Pre-servation Foundation)သို့ လွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး (ရန်ကုန်ရုံးခွဲ) တွင် ကျင်းပသည်။

 

အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် ဒေါ်ခင်နှင်းဆီရွှေ၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့မှ အဖွဲ့ဝင်ဦးကျော်ညီညီလတ်တို့ တက်ရောက်ကြသည်။

 

ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ယခုတက်ရောက်လာသော အဖွဲ့အစည်းများသည် စာပေမှတစ်ဆင့် အသိပညာဖြန့်ဖြူးနေသော အဖွဲ့အစည်းများဖြစ်၍ ပြည်သူလူထုအတွင်း ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ပိုမိုလျှင်မြန်စွာ ပြန့်ပွားစေရေးအတွက် စာစောင်များ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ရည်ညွှန်းစာစောင်များ ပြုစုဖြန့်ဝေရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ ရည်ညွှန်းစာစောင် ၂၀ နှင့် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့သို့ ရည်ညွှန်းစာစောင် ၁၀၀၊ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၊ လက်ကမ်းစာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၁၀၀ တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်