နိုင်ငံတော်၏အနာဂတ်သည် မျိုးဆက်သစ်များအပေါ် မူတည်သည်ဟု ဆိုလျှင် မျိုးဆက်သစ်များ၏ အနာဂတ်သည် ပညာရေးစနစ်ပေါ်မှာ လုံးလုံးလျားလျား တည်နေသည်ဟု ဆိုရပါမည်။ ။
ယခု၊ ကိုဗစ်-၁၉ ရောဂါက ကမ္ဘာနှင့် အဝန်း ပြန့်ပွားကူးစက်လာသည့်အားလျော်စွာ ကမ္ဘာအနှံ့ရှိ ကျောင်းများ အားလုံးလိုလို ပိတ်ထားခဲ့ကြရသည်။ ပညာရေး၏ အရေးပါမှုကို နိုင်ငံတိုင်း သိနားလည်ကြသော်လည်း ကျောင်းသားလူငယ်တို့၏ ကျန်းမာရေးနှင့် ပတ်သက်ဆက်စပ်လာသည့်အခါ လောလောဆယ် ထိခိုက်အန္တရာယ်ပိုများနိုင်သည့် ဘေးကို မြော်မြင်ကြရလေသည်။ ။
သို့သော်လည်း အထက်တွင်ဆိုသကဲ့သို့ မျိုးဆက်သစ်များ၏ အနာဂတ်၊ နိုင်ငံ၏ အနာဂတ်ဖြစ်သည့် ပညာရေးကို ကြာရှည်စွာ လျစ်လျူ ရှုရန် မဖြစ်နိုင်။ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကြားကပင် လုပ်သာကိုင်သာရှိမည့် ပညာသင်ကြားရေး နည်းလမ်းစုံကို စူးစမ်းရှာဖွေနေကြရမည်သာ ဖြစ်ပေသည်။
ကျောင်းများ မြန်မာနိုင်ငံအတွင်း၌ ပိတ်ထားရသည်ဆိုသော်လည်း ကုသိုလ်ကံဟု ဆိုရမည်ထင်၏။ ကိုဗစ်ကပ်ရောဂါဝင်၍ ကျောင်းများပိတ်ရသည့်အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ပုံမှန်ကျောင်း ပိတ်ရက်ရှည် ကာလတွင်းဖြစ်နေသည်။ ထို့ကြောင့် ကျောင်းများပိတ်ထားရခြင်းမှာ ကျောင်းသားတို့ အတွက် သိသာလွန်ကျူးသော ထိခိုက်မှု၊ နစ်နာမှု ယခု ချိန်ထိ မဖြစ်သေးဟု ဆိုရပါမည်။ သို့သော်လည်း ရေရှည်တွင် ကျောင်းများ ယခုကဲ့သို့ ဆက်ပိတ်ထားရမည်ဆိုပါမူ ကျောင်းသားတို့ အတွက်၊ နိုင်ငံ၏ ပညာရေးစနစ်အတွက်၊ တစ်နည်းဆိုသော် နိုင်ငံ၏ အနာဂတ်အတွက် ထိခိုက်မှုဖြစ်လာမည့် အကျိုးဆက်များ ဖြစ်လာနိုင်ချေပြီ။ ။
တစ်ဖန် ပြင်ဆင်မှု စနစ်တကျ မဖြစ်ခင်၊ သို့မဟုတ် ကပ်ရောဂါ၏ အန္တရာယ်ကို အကာအကွယ် ကောင်းကောင်းမရသေးခင် စွန့်စားသင့်သည်လား ဟူသည်ကလည်း ဆင်ခြင်တွေးဆစရာ ဖြစ်ချေ၏။
ကျန်းမာရေးနယ်ပယ်က ပညာရှင်တို့က မည်သည့်အနေအထားသို့ ရောက်သည်အထိ ကျောင်းများ ပိတ်ထားသင့်သည်ဆိုသော အချင့်အချိန်နှင့်၊ ပညာရေးဆိုင်ရာ တာဝန်ရှိသူတို့က ကျောင်းများကို မည်သည့် အချိန်တွင် ဖွင့်သင့်ပြီဟူသည့် အတွက်အဆတို့ကို ယှဉ်တွဲစဉ်းစား ဆင်ခြင်ရမည် ဖြစ်ပေသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေသည့်အတွက် ဤအကျပ် အတည်းမှာ နိုင်ငံတကာတွင်လည်း ပြဿနာကြီးတစ်ရပ်အဖြစ် ရှိနေ ပါသည်။ တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံကြီးများကြားတွင်ပင်၊ မတူသော အယူအဆနှင့် ဖြေရှင်းပုံတို့ ရှိနေသည်။ ယနေ့ကပ်ရောဂါနှင့် ယှဉ်နေ သည့် ကျောင်းများဖွင့်လှစ်ရေးဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံများက မြန်မာနိုင်ငံအတွက် ရေရာသေချာသည့် နမူနာကောင်းများမဖြစ်သေး။ အာရှနိုင်ငံအချို့တွင် စတင်ဆောင်ရွက်နေပြီး အောင်မြင်သည်တို့ကို နည်းနာယူလေ့လာရန်လည်းရှိမည်ဟု မြင်ပါသည်။
ကျောင်းများမဖွင့်ဘဲ လေလှိုင်းပေါ်က သင်ကြားရေးစနစ်၊ အွန်လိုင်း ပေါ်က ပညာရေးမျိုးကိုလည်း ကြံဆနေကြသည်များရှိ၏။ သို့သော်လည်း ခေတ်မီတိုးတက်နေသည့် နိုင်ငံများကြားတွင်ပင် လိုင်းပေါ်က ပညာရေး ကို မတူညီသည့် အယူအဆများဖြင့် အငြင်းအခုံများ ရှိနေဆဲဖြစ်၏။
မြန်မာနိုင်ငံအနေဖြင့် လိုင်းပေါ်က ပညာရေးဟူသည်ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းစရာ လိုအပ်ချက်များက ပင်လျှင် အဟန့်အတား အခက်အခဲများအဖြစ် ရှိနေသေးသည်။
ထို့ပြင် ပညာသင်ကြားရေးဟူသည် စာသင်ရုံ၊ သင်ခန်းစာများကို လေ့လာမှတ်သား ရုံမျှမကပါ။ ကျောင်းသားများသည် လူမှုဆက်ဆံရေး အမူအကျင့်များ၊ လူမှုကျင့်ဝတ်ဆိုင်ရာ လေ့လာစရာများကိုပါ သင်ယူ နေခြင်းဖြစ်ပါသည်။ ။
အကျပ်အတည်းများ၊ စိန်ခေါ်မှုများကြားက လက်တွေ့ကျသော ပညာရေးသင်ကြားရေးစနစ်ကို ဦးတည်ကာ အဖြေရှာကြခြင်း၊ နည်းလမ်း ရှာကြခြင်းသည်ပင် အနာဂတ်ကို ထုဆစ်ပုံဖော်ခြင်း ဖြစ်သည်ဟု မြင်ပါသည်။
လက်ငင်းအခြေအနေတွင် နိုင်ငံတကာ၌ ခေါင်းဆောင်တို့ ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုကို မည်သို့ဟန့်တားကင်းပအောင် လုပ်မည်ဟူသည့် ပြဿနာနှင့်အတူအပြင်းအထန် အဖြေရှာနေရသည့် ကိစ္စမှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဖြစ်ပါသည်။ သည်အရေး သည် ကမ္ဘာ့နိုင်ငံအားလုံး ရင်လေးနေရ ခေါင်းခဲနေရသည့် အရေးဖြစ်ပါသည်။ ကျောင်းများပိတ်ထားသည့် အတွက် ကျောင်းမတက်ရသည့် ကျောင်းသစုစုပေါင်းမှာ ဘီလီယံနှင့်ချီကာ ရှိနေသည်။ ထိုကလေးများ အားလုံးသည် ပညာသင်ကြားခွင့်သာ ဆုံးရှုံးနေသည်မဟုတ်ဘဲ အနာဂတ် ဘဝများပါ ဆုံးရှုံးရမည်ကဲ့သို့ ဖြစ်နေခြင်းပါ။ ကျောင်းများပြန်လည် ဖွင့်လှစ်သည်ဆိုသော်မှ စသင်ခန်းများဆီသို့ ပြန်လာမည့် ကျောင်းသား မည်မျှလျော့နည်း သွားမည်ဆိုသည်မှာ စိတ်ပူပန်စရာ ဖြစ်နေပါသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိကျခိုင်မာသည့် မူဝါဒများကို ချမှတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အသိ ပညာများကို ပိုမိုဖြန့်ဝေခြင်းဖြင့်လည်းကောင်း၊ ကျောင်းနှင့် ဝန်းကျင် တို့အတွက် စနစ်ကျသော အကာအကွယ်များ ကြိုတင်ပြင်ဆင်မှုများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ အားလုံး အတွက် လုံခြုံ စိတ်ချရသော အာဝါသများကို ဖန်တီးပေးခြင်းတို့ဖြင့် လည်းကောင်း အစရှိသည့် ကျောင်းမဖွင့်သေးမီ အကြိုစီမံပြင်ဆင်မှုများသည် မြန်မာနိုင်ငံ၏ ပညာသင်ကြား စနစ်သစ်တစ်ခုဆီသို့ ဦးတည်နေလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
မြန်မာ့အလင်း