မြို့သစ်  ၁၇  ဇွန်   

 

မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ၂၀၂၀ ခုနှစ် နွေစပါးကို ဆည်ရေသောက်စိုက်ဧရိယာဧက ၃၄၁၀ စိုက်ပျိုးရန် ရည်မှန်းဆောင်ရွက်ခဲ့သော်လည်း ဧက ၂၉၂၀ သာ အမှန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သက်တမ်းတို (ရတနာတိုး၊ မနောသုခ) စပါးမျိုးများကို အများဆုံးစိုက်ပျိုးခဲ့ကြပြီး ဇွန် ၁၂ ရက် က စတင်၍ နွေစပါး များကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်ကတော့ နတ်မောက်တမံ လက်ဝဲမြောင်းဆည်ရေသောက်ဖြစ်ပြီး ယခုနွေစပါးကို ရတနာတိုး စပါးမျိုးသန့်တစ်မျိုးတည်းကို စိုက်ပျိုးခဲ့ပြီး အခုရိတ်သိမ်းရာတွင် တစ်ဧက အစိုထွက် တင်း ၁၁၀ ထွက်တယ်။ အခုလက်ရှိ ပေါက်စျေးကတော့ တစ်ဧကကို ခြောက်သိန်းကျော်ရပါတယ်။ ကျွန်တော်က စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာနဲ့ တိုက်ရိုက်မျိုးစေ့ချစိုက်တော့ လုပ်အားလည်း သက်သာ တယ်။ နွေစပါးဆိုတော့ သွင်းအားစုနဲ့ ပိုးမွှားရောဂါကျရောက်မှုလည်း သက်သာတော့ စိုက်ခင်းကုန်ကျ စရိတ်ငွေကျပ် နှစ်သိန်းကျော်လောက်သာ ကုန်ကျပြီး အကျိုးအမြတ် လေးသိန်းကျော်ရရှိပါတယ်။ ကျွန်တော်တို့ တောင်သူတွေက စိုက်ပျိုးရေသာရမယ်ဆိုရင်နွေစပါးကို ပိုပြီးစိုက်ပျိုးတာများတယ်”ဟု တောင်သူ ဦးလှမြင့်ကြည်က ပြောသည်။

 

ဒေသအလိုက် ပြောင်းလဲလာသည့်ရာသီဥတု သဘာဝအရ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေ ရရှိရေးအတွက် အခတ်အခဲများနှင့် ကြုံတွေ့နေကြရပြီး ရရှိနိုင်သည့် အဓိကစိုက်ပျိုးရေ အရင်းမြစ်များ ဖြစ်သည့် တည်ဆောက်ပြီးဆည်တမံများမှ ရေသောက်ဧရိယာများ ရေစီးရေဝင်ကောင်းမွန်ရေး လုပ်ငန်းများ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ၊ မြေအောက်ရေတွင်း တူးဖော်အသုံးပြုရေး လုပ်ငန်းများ၊ ရာသီဥတုနှင့် လိုက်လျောညီတွေဖြစ်စေမည့် သီးနှံသစ်ပင်များ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)