ညောင်တုန်း ၁၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၈၇၅၀ဝ ကို ပျိုးထောင်ထားရှိပြီး ပြည်လူထုထံ အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
“ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီတွင် ပြည်သူလူထုအား ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးရန်အတွက် ညောင်တုန်းမြို့မ ပျိုးဉယျာဉ်မှာ ပျိုးပင်ပေါင်း ၂၉၅၀ဝ၊ ပန်းတနော် ပျိုးဉယျာဉ်မှာ ပျိုးပင်ပေါင်း ၂၉၀ဝ၀၊ ဓနုဖြူ ပျိုးဉယျာဉ်မှာ ပျိုးပင်ပေါင်း ၂၉၀ဝ၀ စုစုပေါင်း ပျိုးပင် ၈၇၅၀ဝ ကို ပျိုးထောင်ထားရှိခဲ့ပြီး မေ ၂၁ ရက်ကစတင်ပြီး နေ့စဉ် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်တွေကို ထုတ်ပေးနေတာ ဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးငြိမ်းချမ်းက ပြောသည်။
ပြည်သူလူထုထံ ဖြန့်ဝေပေးသည့်ပျိုးပင်များမှာ ကျွန်းပင် ၇၅၀ဝ ၊ ယူကလစ်ပင် ၈၀ဝ၀ ၊ မဟော်ဂနီပင် ၃၂၀ဝ၀၊ မန်ဂျန်ရှားပင် ၃၅၅၀ဝ ၊ ပင်လယ်ကဗွီးပင် ၃၀ဝ၀ နှင့် မအူပင် အပင် ၁၅၀ဝ စုစုပေါင်း ပျိုးပင် ၈၇၅၀ဝ ဖြစ်ပြီး ယင်းပျိုးပင်များကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုး လိုသူများအား မည်သူမဆို မြို့နယ်သစ်တောဦးစီးဌာန ပျိုးဉယျာဉ်များမှ ပျိုးပင်မျာကို အခမဲ့ လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)


