ဝန်းသို ၁၇ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဂျိုးတောင် KC စခန်းနယ်မြေရှိ မော်နိုင်းအုပ်စု အင်ပင် ကျေးရွာတွင် ကွင်းအမှတ် ၁၂၃၆.၈၊ တောင်သူ ဦးမောင်ဌေး၏ လယ်မြေ ၈ ဧက တွင် ယနေ့ နံနက် ၇ နာရီက ဧရာမင်း (ကျောက်ဆည်ပဒေသာ)စပါးမျိုးကို Drum Seeder မျိုးစေ့ချစက် နှစ်ခုဖြင့် လက်တွေ့ စိုက်ပျိုးခဲ့ရာ စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ဂျိုးတောင် KC စခန်းနယ်မြေ၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၁၁၆၇၄) ဧက၊ GAP နည်းစနစ်ဖြင့် စံပြစိုက်ကွက် (၁၅၀ဝ)ဧက၊ စပါးမျိုးစေ့ထုတ်ကွက်(၄၂)ဧက စိုက်ပျိုး နိုင်ရေးလျာထားလျက်ရှိပြီး စပါးစိုက်စနစ် (၄)မျိုးစမ်းသပ်ကွက်၊ SRI စမ်းသပ်ကွက်များကို တောင်သူများ အားပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် School Garden လျာထားချက်အနေဖြင့် ဂျိုးတောင်-အ.ထ.ကကျောင်းနှင့် ဆေးခင်းခုံ -အ.ထ.က(ခွဲ) ကျောင်းကိုလည်းကောင်း၊ ကျေးရွာ Home Gardenအနေဖြင့် အုပ်စုတစ်ခုတွင် ကျေးရွာတစ်ရွာ ရွေးချယ်ထားပြီး မျိုးစေ့များထောက်ပံ့ခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်း၊ သဘာဝ မြေဩဇာများ ပြုလုပ်ပေးခြင်း၊ သဘာဝ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲစေရန် ပညာပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


