နေပြည်တော်  ၁၇      ဇွန်

 

(၂၃)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှု ကော်မတီ၏ အစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီခွဲက Video Conferencing ဖြင့် ကျင်းပ သည်။ အစည်းအဝေး တွင် အင်ဒိုနီးရှားနိုင်ငံမှ ဥက္ကဋ္ဌနှင့် ဗီယက်နမ်နိုင်ငံမှ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

ယခုအစည်းအဝေးသည် (၅၁) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေး ၏ ရလဒ်များအ‌ပေါ် ဆောင်ရွက်ပြီးစီးမှု၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် (Mutual Recognition Arrangement on ASEAN- Tourism Professionals-MRA-TP) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ အကောင်အထည်ဖော်မှု၊ အာဆီယံ ခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များ မှတ်ပုံတင်စနစ် (ASEAN Tourism Professionals Registration System- ATPRS) ကို အသစ်ပြန်လည်ရေးဆွဲပြီးစီးမှု၊ ၂၀၂၀ခုနှစ်အတွက် အဆိုပြုရန်ရှိသည့် စီမံကိန်းအသစ်များ၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း အာဆီယံ ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းနိုင်ရန် ကျင်းပခြင်းဖြစ်သည်။

 

mdn

 

အဆိုပါ အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ချုပ် နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ASEAN MRA-TP အကောင်အထည်ဖော် ဆောင်ရေးအတွက် National Tourism Professional Board (NTPB)နှင့် Tourism Professional Certification Board(TPCB) ပြန်လည်ဖွဲ့စည်းမှုအခြေ အနေများ၊ မြန်မာနိုင်ငံမှ ဉီးဆောင် အကောင်အထည်ဖော် ဆောင်လျက်ရှိသည့် အာဆီယံ ခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းဆိုင်ရာ ဒုတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှု အပေါ်မူတည်၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းသို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ထားရှိမှု တို့ကို ဆွေးနွေးတင်ပြခဲ့သည်။

 

 (၂၄) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင် ပညာရှင်များ ကြီးကြပ်မှု ကော်မတီ ၏ အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးအပတ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်ရန် အတည်ပြုခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)