မော်လမြိုင် ၁၇ ဇွန်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရန်ပုံငွေအထောက်အပံ့အဖြင့် သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းငွေများ ထောက်ပံ့ခြင်းကို ယမန်နေ့၌ လူမှုဝန်ထမ်းရုံး၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေးလင်းထွန်းထံ ပေးအပ်ခဲ့ပြီး ဇွန် ၁၇ ရက်တွင် သက်ကြီးဘိုးဘွားများထံသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက်(၈၅)နှစ်အထက် အဘိုးအဘွားတစ်ဦးလျှင် ပုံမှန်ထောက်ပံ့ငွေ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) သုံးလအတွက် လူမှုရေးပင်စင် ကျပ် ၃၀ဝ၀ဝ နှင့် COVID-19 ကာလထပ်ဆောင်းငွေ ကျပ် ၃၀ဝ၀ဝ စုစုပေါင်း ကျပ် ၆၀ဝ၀ဝ ကို အိမ်တိုင်ရာရောက် ထောက်ပံ့သွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀) မြို့နယ်မှ ပင်စင်ခံစားခွင့်ရှိသော အဘိုး၊ အဘွား ၉၂၉၉ ဦးရှိသဖြင့် စုစုပေါင်းထောက်ပံ့ငွေပေါင်း ၅၅၇၉ သိန်းကျော် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


