ရန်ကုန် ၁၇ ဇွန်

 

(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက မေ ၁၃ ရက်တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပြီး အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင်   ကျင်းပရေးဗဟိုကော်မတီ နာယက ဒုတိယသမ္မတက အာဇာနည်နေ့ အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း။

 

အစည်းအဝေးဆုံးဖြတ်ချက် ၂၆ ချက် ချမှတ်ထားကြောင်း၊ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် အဓိကမှာကြားခဲ့ပြီး ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအတိုင်း စနစ်တကျ အထူးဂရုပြုဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အာဇာနည်နေ့အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံး (ယခင်ဝန်ကြီးများရုံး) နှင့် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပမည့် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး ဆွမ်းဆက်ကပ်ခြင်း အခမ်းအနားများအတွက်လည်း ဆပ်ကော်မတီအသီးသီးက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျဖြစ်သော်လည်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို မမေ့သောအားဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုအနှစ်သာရပြည့်ဝအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခင်နှစ်များက ကြုံတွေ့ခဲ့သည့် အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

 

ပထမဦးဆုံးပြောကြားလိုသည်မှာ အာဇာနည်ဗိမာန်ရင်ပြင် အခမ်းအနားပင်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့် နိုင်ငံတော်အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စစ်ရေးပြအဖွဲ့ဝင်များနှင့် ပါဝင်ဆောင်ရွက်ကြမည့်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ စနစ်တကျ လေ့ကျင့်ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ရာတွင် အစီအစဉ်အတိုင်းဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ယခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးရှုထောင့်မှ အလေးထား ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ယခင်နှစ်များလို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) များတွင် ပြည်သူလူထုကို ဖွင့်လှစ်ပြသမည် မဟုတ်ကြောင်း၊ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့က ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကိုအခြေခံပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့်  ကော်မတီ၊ ဆပ်ကော်မတီများအလိုက် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

1

 

ထို့နောက် ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များ၊ လုပ်ငန်းလျာထားချက်များနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ သဘာပတိ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဇာနည်ဗိမာန်သို့သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ စစ်ရေးပြအခမ်းအနား ဇာတ်တိုက်လေ့ကျင့်နေမှုနှင့် အခမ်းအနားသို့ တက်ရောက်မည့် ဧည့်သည်တော်များအား နေရာချထားမည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

သတင်းစဉ်