တောင်ကြီး ၁၇ ဇွန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မိုင်းသောက်ဒေသသို့ သွားရောက်ပြီး အင်း၊ ပအိုဝ်း၊ တောင်ရိုး တိုင်းရင်းသား အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ပါဝင်သည့် စားနပ်ရိက္ခာထုပ်များ ဆက်လက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက် ထောက်ပံ့လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အုန္နဲပင်ရွာသို့ ရောက်ရှိပြီး ရွှေကံ့ကော်ကျောင်း၌ အုန္နဲပင်၊ ရွှေလဖုန်း၊ ချောင်းစောက်၊ ဝါးတောရွာများမှ အင်း၊ ပအိုဝ်း၊ တောင်ရိုး တိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းသောက်ပထမစာသင်တိုက်ရှိ ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အင်းတိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီတို့ကို ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းသောက်ကျေးရွာရှိ ဖောင်တော်ဦးဘုရား ယာယီစံကျောင်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ဖောင်တော်ဦးဘုရား ယာယီစံကျောင်းတော် ပြုပြင်မွမ်းမံ တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း(၂၀ဝ)နှင့် ဘိလပ်မြေအိတ် (၁၀ဝ၀)တို့ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အလားတူ ယခင်နှစ်ကလဲ အဆိုပါ ယာယီစံကျောင်းတော် ပြုပြင်မွန်းမံတည်ဆောက်ရန် ငွေကျပ်သိန်း (၂၀ဝ)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဘော်လပတ်ကျေးရွာသို့ ရောက်ရှိပြီး ပအိုဝ်း၊ တောင်ရိုး တိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီတို့ကို ဆက်လက်ထောက်ပံ့ လှူဒါန်းခဲ့ကြပြီး ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်နီတောရစာသင်တိုက်သို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ကမ္ဘောဇဘဏ်မှ မတည်ငွေကျပ်သိန်း (၁၀ဝ၀ဝ)နှင့် အများပြည်သူများ၏ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ဒေသများသို့လည်းကောင်း၊ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ပြီး COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား စောင့်ကြည့်ရေးစခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို နေရာအရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် KBZ MS General Insurance, KBZ Life, Myanmar Airways International MAI နှင့်Air KBZ တို့နှင့် လက်တွဲ၍ ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်ကာ ယနေ့အချိန်အထိ ငွေကျပ်သိန်းပေါင်း ၄၇၁၇၈ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
စိုးညွန့်ရွှေ (ပြန်/ဆက်)


