နေပြည်တော် ၁၇ ဇွန်
မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ဥက္ကဋ္ဌက မြေသြဇာကော်မတီက ထုတ်ပြန်သည့် မြေသြဇာဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များသည် လက်တွေ့မြေပြင်တွင် လိုက်နာဆောင်ရွက်နိုင်ပြီး လုပ်ငန်းသဘောသဘာဝနှင့် လိုက်လျောညီထွေဖြစ်စေရန် နည်းပညာကော်မတီက စိစစ်ပြုစုတင်ပြပေးရန်လိုကြောင်း၊ လိုအပ်ပါက မြေသြဇာဆိုင်ရာ နည်းပညာကော်မတီအနေဖြင့် အတွေ့အကြုံရှိသူ ပြင်ပအကြံပေးများ ဖိတ်ခေါ်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များအား ပြုပြင်ပေးရန်လိုအပ်ပါက ပြောင်းလဲထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး မြေသြဇာဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေအဖြစ် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မြေသြဇာဆိုင်ရာ နည်းပညာကော်မတီသည် မြေသြဇာမှတ်ပုံတင် လျှောက်ထားလာမှုများကို စိစစ်၍ မြေသြဇာကော်မတီကော်မတီထံ တင်ပြပြီး မြေသြဇာမှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းများကို ကိုဗစ်-19 ကာလအတွင်း ချိန်ညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးတွင် မြေသြဇာ တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင်လျှောက်လွှာ (၃၅၂)စောင်ကို မြေသြဇာကော်မတီသို့ ဆက်လက်တင်ပြနိုင်ရန် နည်းပညာရပ်ဆိုင်ရာများ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


