နေပြည်တော် ၁၇ ဇွန်
မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေးစီမံကိန်း (STEM) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် video conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဖင်လန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Ms Ritta Laatu၊ ဩစတြေးလျသံရုံး အကြံပေးပုဂ္ဂိုလ် Mr Tim Vistarini, မြန်မာနိုင်ငံဆိုင်ရာ ယူနစ်စကို သံရုံးတာဝန်ခံ Ms Min Jeong Kin, DFID ပညာရေးပညာရှင် ဒေါက်တာ ခိုင်ဖြူထွဋ်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီတို့မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆရာအတတ်သင် ပညာရေး သင်ရိုးပြုစုမှု အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဆရာအတတ်သင်သင်တန်း ဆရာဆရာမများအား သင်တန်းများပေးနေမှု၊ ကိုဗစ်-၁၉ ကာလအတွင်း ဆရာအတတ်သင်သင်တန်းသား၊ သင်တန်းသူများ ဆက်လက်ပညာသင်ယူနိုင်ရေးနှင့် ဆရာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်၊ ဆရာများ မူဝါဒရေးရာများအကြောင်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေး စီမံကိန်းကို ဩစတေးလျနိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရနှင့် ယူကေနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနတို့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးတိုးမြှင့်ရေးစီမံကိန်း (STEM) အဆင့် (၃) အတွက် ဖင်လန်နိုင်ငံအစိုးရက ယူရို ၅သန်း ကူညီပံ့ပိုးပေးကြောင်း သိရသည်။
သတင်းစဉ်


