နေပြည်တော် ၁၇ ဇွန်

 

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပထမဆုံးအနေဖြင့် သတင်းစာရှင်းလင်းပွဲများကို အကြောင်းခံ၍ ပြောကြားလိုသည့် အကြောင်းအရာရှိပါကြောင်း၊ ယခုကဲ့သို့ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပါဝင်သည့် သတင်းစာရှင်းလင်းပွဲအစီအစဉ်ကို လက်ရှိအစိုးရတာဝန်ယူချိန်မှစပြီး ပြုလုပ်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရတာဝန်ယူပြီး ပထမ ရက် ၁၀ဝ တာဝန်ယူမှု နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ စတင်ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက် ပထမ (၁) နှစ်တာ၊ ဒုတိယ (၁) နှစ်တာ၊ တတိယ တစ်နှစ်တာ စသည်ဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး ယခု စတုတ္တ (၁)နှစ်တာအတွက် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

 

သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပေးခြင်းဖြင့် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် တာဝန်နှစ်ရပ်ကို တစ်ပြိုင်တည်း ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း၊ ပထမတစ်ရပ်မှာ  အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးပေးသည့် တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါကြောင်း၊  အစိုးရသည် အများပြည်သူက ရွေးကောက်တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် မိမိတို့ နိုင်ငံအတွက်၊ ပြည်သူအတွက် ဆောင်ရွက်ချက်များကို အများပြည်သူသိရှိအောင် အသိပေး အစီရင်ခံရန် တာဝန်ရှိပါကြောင်း၊ ထိုသို့ အသိပေး အစီရင်ခံသည့် တာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ မီဒီယာများမှတစ်ဆင့် ဆက်သွယ်ပေါင်းကူးပေးခြင်း ဖြစ်ပါကြောင်း။

 

ဒုတိယတာဝန်အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အများပြည်သူ သိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန် ဌာနအသီးသီးမှ သတင်းရယူနိုင်ရန်အတွက် ဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တာဝန်နှစ်ရပ်ဖြင့် သတင်းစာရှင်းလင်းပွဲများ ကျင်းပခြင်းဖြစ်သည်ကို ဦးစွာပြောကြားလိုပါကြောင်း။

 

သတင်းစာရှင်းလင်းပွဲများနှင့်အတူ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များ ရွေးချယ်တာဝန်ပေးနိုင်စေရန်အတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမိတ်ဆက်ပေးသည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သည့် ဓလေ့ထွန်းကားစေရန်နှင့် ပြောရေးဆိုခွင့်ရှိသူများ အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာသမားများ ရင်းရင်းနှီးနှီးရှိစေရန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှု၏ အောင်မြင်မှုအတိုင်းအတာကို မီဒီယာသမားများ ကိုယ်တိုင်ဆုံးဖြတ်သိရှိနိုင်ပါကြောင်း။

 

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်သည် အများပြည်သူကို သတင်းအချက်အလက်ပေးသည့် အလုပ်နှင့် အများပြည်သူအတွက် အသိပညာဖွံ့ဖြိုး တိုးတက်ရေး အလုပ်များကို ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ နေ့စဉ်အားဖြင့် မြန်မာအသံနှင့် ရုပ်မြင်သံကြား၏  ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ အများပြည်သူအတွက် ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်ပေးသည်လည်း ရှိပါကြောင်း၊ သတင်းနှင့်ပတ်သက်၍ သတင်း အချက်အလက်များ ရယူခြင်း၊ စုဆောင်းခြင်း၊ ဖြန့်ချိခြင်း အလုပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ အဓိကဆောင်ရွက်ပါကြောင်း၊ ယခုအခါ သတင်းရယူ စုဆောင်းရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ပါဝင်လာပါကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနတစ်ခုဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် စတုတ္တ (၁) နှစ်တာအတွင်း ပြုပြင်ပြောင်းလဲလုပ်ဆောင်ခဲ့သည့် အချက်သုံးခုရှိပါကြောင်း၊ ရန်ကုန်မြို့ရှိ မြန်မာအသံနှင့် ရုပ်မြင်သံကြား ပြည်လမ်းရုံးဝင်းအတွင်းရှိ အဆောက်အဦတွင် ခေတ်မီစတူဒီယို အသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်မှာ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကတည်းကပင် ဖြစ်ပါကြောင်း။

 

ထို့ပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံအရည်အသွေး ကောင်းမွန်စေရန်အတွက် SD အဆင့်မှ HD အဆင့်သို့ ကူးပြောင်းနိုင်ရန် လိုအပ်သည့် စက်ကိရိယာ တပ်ဆင်ကာ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ယခုအခါ ပုံမှန်ထုတ် လွှင့်နေပြီဖြစ်ပါကြောင်း၊ ယခုအခါတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ်များ များပြားလာသည့်အတွက် DSNG Van ဟု ခေါ်သည့် ပြင်ပမှ တိုက်ရိုက်ထုတ်လွှင့်နိုင်သည့် ယာဉ်အသစ် ၃ စင်းကို ထပ်မံဖြည့်တင်းနိုင်ခဲ့ပါကြောင်း။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများသည် စာကြည့်တိုက်များနှင့် တွဲဖက်တည်ရှိနေသည့် ရုံးများဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တည်ရှိနေသည့် စာကြည့်တိုက်များကို အများပြည်သူအတွက် လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲခဲ့ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများအဖြစ် ဆောင်ရွက်ရာတွင် အများပြည်သူအတွက် ရည်ရွယ်ခြင်း ဖြစ်သည့်အတွက် အများပြည်သူ စုဝေးဆွေးနွေးနှီးနှော ဖလှယ်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီအလေ့အကျင့် တိုးတက်ထွန်းကား စေရန်အတွက်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ခေတ်မီ လူထုအခြေပြုဗဟိုဌာန တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါဌာနမှ တာဝန်ယူဆောင်ရွက်သည့် ထင်ရှားလူသိများသည့် အလုပ်တစ်ခုမှာ စာပေပွဲတော်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် စတုတ္ထ (၁)နှစ်တာကာလအတွင်း မကွေးမြို့တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ကျင်းပနိုင်ခဲ့ပါကြောင်း။

 

ကလေးစာပေပွဲတော်များ ကျင်းပရာတွင် ပြီးခဲ့သည့်နှစ်အတွင်း ထူးခြားသည့် ဆောင်ရွက်မှုအဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ကလေးစာပေပွဲတော်များကို တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့ ရွှေတောင်ကြားတွင် ရုပ်ရှင်မြှင့်တင်ရေးခြံရှိပြီး အဆိုပါနေရာရှိ ရှိရင်းစွဲ အဆောက်အဦများကို ပြုပြင်ကာ Film Development Centre ၊ ရုပ်ရှင်ရပ်ဝန်းဖြစ်စေရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ပြောင်းလဲကာ ရုပ်ရှင်စတူဒီယိုများအဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်အတွင်းက ရုပ်ရှင်လုပ်ငန်းအတွက် လုပ်ငန်းများစွာ အသုံးပြု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရုပ်ရှင်ဝါသနာပါသော ပညာရှင်၊ လူငယ်ပညာရှင်များ ဦးဆောင်သည့် ရုပ်ရှင်လေ့လာရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Art Film ဟု ခေါ်သည့် အနုပညာအား ပိုများသည့် ရုပ်ရှင်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည့် အစီအစဉ် ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါနေရာတွင် ဆွေးနွေးပွဲများ မပြတ်ဆောင်ရွက်နေသည့်အတွက် မီဒီယာသမားများ အပါအဝင် စိတ်ဝင်စားသူများ တက်ရောက်နိုင်ရန်အတွက် အသိပေးပြောကြားလိုပါကြောင်း။

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အနေဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ပါကြောင်း၊ အဆိုပါဦးစီးဌာနသည် အစိုးရဌာနဆိုင်ရာများအတွက် ပုံနှိပ်ပေးသည့် လုပ်ငန်းကို အစိုးရအစဉ်အဆက် လုပ်ဆောင်ခဲ့ပါကြောင်း၊ နိုင်ငံတော်ပြန်တမ်းများ အပါအဝင် အစိုးရစာရွက်စာတမ်းများကို ရိုက်နှိပ်ပေးရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသည့် ကျောင်းသုံးပြဌာန်းစာအုပ်များ ပုံနှိပ်ပေးခြင်းကိုလည်း ဆောင်ရွက်ပါကြောင်း၊ ကျောင်းသုံးစာအုပ်များကို ပုံနှိပ်သည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အပ်နှံသည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ၊ ကြိုတင်မဲစာအိတ်များ၊ မဲပုံးတွင်ကပ်မည့် စာသားစက္ကူများကို ရိုက်နှိပ်ပေးရပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ ပုံနှိပ်လုပ်ငန်းများအပြင် စာပေဗိမာန်မှ စာအုပ်စာတမ်းများ ထုတ်ဝေခြင်းလည်း ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ အစိုးရ၏ နှစ်ကာလအလိုက်  ဆောင်ရွက်မှု မှတ်တမ်းစာအုပ်များကို  ပြုစုထုတ်ဝေခဲ့ပါကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း ပြသထားပါကြောင်း၊ မကြာခင်၌ လေးနှစ်တာကာလ ဆောင်ရွက်မှုများကို ထုတ်ဝေသွားရန် စီစဉ်နေပြီဖြစ်ပါကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် နောင်အခါ ကိုးကားနိုင်ရန်အတွက် တန်ဖိုးရှိသည့်အရာများဟု အသိပေးလိုပါကြောင်း၊ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် မြန်မာဂန္တာဝင်စာစဉ် ၁၀ဝ အတွဲများကိုလည်း ထုတ်ဝေခဲ့ပြီး အတွဲ ၉ အထိ ထုတ်ဝေခဲ့ပြီးဖြစ်ပါကြောင်း။

 

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို ထုတ်ဝေသည့် ဌာနဖြစ်ပါကြောင်း၊ သတင်းသမားများ သိရှိသည့် အတိုင်းပင် သတင်းစာများသည် နေ့ချင်းပြီး ဆောင်ရွက်ရသည့်အတွက် တစ်ခါတစ်ရံ အလျင်အမြန် ဆောင်ရွက်ရသည်လည်း ရှိပါကြောင်း၊ ထိုသို့ အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက်ရသည့်အတွက် ချို့ယွင်းချက်၊ အားနည်းချက်များလည်း ရှိပါကြောင်း၊ ချို့ယွင်းချက်၊ အားနည်းချက်များကို တတ်နိုင်သမျှ နည်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

သတင်းစာများသည် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် အားလျော်စွာ ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးပေးသည့် သတင်းစာများလည်း ဖြစ်ပါကြောင်း၊ ထိုကြောင့် နိုင်ငံတော်အကြီးအကဲများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ အခြားမဏ္ဍိုင်များ၏ ဆောင်ရွက်ချက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြပါကြောင်း၊ ထိုသို့ ဖော်ပြသည့်အပြင် ပြည်သူများအတွက် အခါအားလျော်စွာ တင်ပြသည့် အစီအစဉ်များလည်း ရှိပါကြောင်း၊ ဉပမာအားဖြင့် လွှတ်တော်သတင်းများကို ဖော်ပြပေးလျက်ရှိသည့်အပြင်  ပြည်သူ့ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို အထူးပြုဖော်ပြပေးသည့် အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း။

 

သတင်းစာများကို မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားဘာသာများဖြင့် ထုတ်ဝေသည့် အချပ်ပိုစာမျက်နှာလည်း ရှိပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာအချပ်ပို စာမျက်နှာများကို အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေသည်လည်း ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မွန်၊ စကော(ကရင်)၊ ပိုး (ကရင်)၊ ပအိုဝ်း၊ ကချင်၊ ရခိုင် ဘာသာများဖြင့် ထုတ်ဝေပေးနေရာမှ ပြီးခဲ့သည့် စတုတ္ထ (၁) နှစ်တာအတွင်း ရှမ်းဘာသာဖြင့် ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် စာပေသမားများအတွက် ဟောပြောပွဲများ၊ မိတ်ဆက်ပွဲများ၊ ဖြန့်ချိရေးပွဲများ ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရုံးနေရာရှိ ရွှေဥဒေါင်းခန်းမကို အခမဲ့အသုံးပြုခွင့် ပေးထားပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် News Watch သတင်းဂျာနယ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် eleven မီဒီယာတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သက်ပြီး ဖြေလျော့ပေးရန် ရှိ/မရှိ နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးအား Eleven မီဒီယာက သက်သေစာရင်းတွင် ထည့်သွင်းထားမှုအပေါ် မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်းပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက  Eleven မီဒီယာနှင့် ဖြစ်ပွားသောအမှုနှင့် ပတ်သက်ပြီး ဇွန်လ ၁၁ ရက်အထိ ရုံးချိန်းပေါင်း ၁၈၃ ချိန်း  ရှိသွားပြီဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၆ နှစ်နီးပါးရှိပြီ ဖြစ်ပါကြောင်း၊ National Case Management Progarm အရ နှစ်ဦးနှစ်ဖက်ကြေအေးလိုကြောင်း Eleven Media Group က တရားရုံးတွင် တင်ပြလာခြင်းရှိသည်ဟု သိရှိရသော်လည်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကိုရော၊  ပြန်ကြားရေးဝန်ကြီးဌာနကိုရော တရားဝင်စာဖြင့် အသိပေးတင်ပြခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့်  တရားရုံး၏ အဆုံးအဖြတ်အတိုင်းသာ လိုက်နာဆောင်ရွက်သွားမည်ဟု တရားရုံးသို့ စာဖြင့် အကြောင်းပြန်ကြားထားပါကြောင်း။

 

ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား စဉ်ဆက်မပြတ် အမှုဖြစ်စဉ်နှင့် မိမိတို့ သဘောထားဖြစ်သည့် တရားရုံး၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အနေဖြင့် တရားရုံးသို့ သွားရောက်သက်သေထွက်ဆိုရန် ယခုအချိန်အထိ အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် RFA သတင်းဌာနက  သတင်းလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဆက်သွယ်ရအခက်အခဲဖြစ်နေခြင်းမှာ ဘာကြောင့်ပါလဲ၊ နောက် ယခုအစိုးရလက်ထက်တွင် သတင်းပြန်ကြားရေးအပိုင်းမှာ ပိုမိုအား ကောင်းလာမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာတာဟာ ဘာကြောင့်ပါလဲ မေးခွန်းနှင့် ပတ်သက်၍  ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မိမိတို့အနေဖြင့် တော်တော်များများကို ဖြေဆိုပေးပါကြောင်း၊ တစ်ခါတစ်လေ ဖုန်းမကိုင်နိုင်သည့် အခြေအနေမျိုးများလည်း ရှိနိုင်ပါကြောင်း၊ ဖုန်းပြန်လည်ခေါ်ဆိုပေးခြင်းများလည်း ရှိပါကြောင်း၊ တချို့ကိစ္စရပ်များကို မသိ၍ မဖြေကြားနိုင်ခြင်းများလည်း ရှိပါကြောင်း၊ ထိန်ချန်ထားခြင်းမျိုး၊ တမင်မဆက်သွယ်ခြင်းမျိုး မဟုတ်ပါကြောင်း၊ ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းထုတ်ပြန်သည့်အပိုင်းတွင် စုပေါင်းပြီးဆောင်ရွက်သည့် အနေအထားမဟုတ်ဘဲ ဌာနတစ်ခုချင်းကနေ ဆောင်ရွက်သည့် အနေအထားမျိုးများ ရှိနေသည့်အတွက် သတင်းထုတ်ပြန်မှု အပိုင်းတွင် အားနည်းသည်ဟု ထင်ကောင်းထင်နိုင်စရာ ရှိပါကြောင်း၊ သို့သော်လည်း မိမိတို့၏ သတင်းထုတ်ပြန်မှုကို ကြည့်မည်ဆိုပါက ယခုဖြစ်နေသည့် ကိုဗစ်ရောဂါ အပါအဝင် သတင်းထုတ်ပြန်ပေးနိုင်ရေးနှင့် ပတ်သက်ပြီး ကြိုးစား လုပ်ဆောင်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက်ဖြေကြားရာတွင် ယခု အစိုးရလက်ထက်တွင် အချို့ဌာနများသည် မီဒီယာနှင့် ဆက်သွယ်ဆက်ဆံရေး အလွန်ကောင်းလာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ လက်ထက်တွင် Online ၌ Proactive ထုတ်ပြန်လာခြင်းကို ပို၍ ဦးစားပေးလာပါကြောင်း၊ CSO, Myanmar Webportal နှင့် DICA (Directorate of Investment and Company Administration) တို့ ထွက်လာပါကြောင်း၊ ယင်းတို့ကို ကြည့်လိုက်လျှင် အမြဲတမ်း Update လုပ်ပေးထားပါကြောင်း၊ တော်ရုံသင့်ရုံ ကိစ္စများဆိုလျှင် မေးစရာကို မလိုတော့လောက်အောင် ဖြစ်ပါကြောင်း၊ ဆက်သွယ်မေးမြန်းလျှင်လည်း တချို့ပုဂ္ဂိုလ်များနှင့် တော်တော်များများက စိတ်ရှည်လက်ရှည်နှင့် ဖြေကြားပေးကြသည်ကို တွေ့ရပါကြောင်း။

 

သတင်းမီဒီယာသမားအချို့ကို အနည်းငယ် ပြောကြားလိုတာရှိပါကြောင်း၊ ၎င်းမှာ သတင်းမီဒီယာသမားအချို့သည် အရေးကြီးသည့်အချက်များကို ချန်လှပ်ပြီး၊ မိမိတို့ လိုချင်သည်ကို ဆွဲယူပြီး လိုချင်သည့်အပိုင်းကို အသုံးပြု၍ Out of Context သတင်းဖော်ပြမှုများရှိသည်ဟု တိုင်ကြားမှုများရှိပါကြောင်း၊ သို့ဖြစ်၍ မီဒီယာကျင့်ဝတ်ကို လိုက်နာစေလိုပါကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၏ အပြန်အလှန် ယုံကြည်မှုအပေါ် မူတည်ပြီး ဆက်ဆံရေး ပိုမို ကောင်းမွန်လာမည်ဟု ထင်မြင်ပါကြောင်း ဖြေကြားသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောရေးဆိုခွင့်ရှိသူများနှင့် သတင်းမီဒီယာသမားများ ထိတွေ့ရန်၊ ရင်းရင်းနှီးနှီး တွေ့ဆုံရန်၊ ဆက်လက်ထိတွေ့နိုင်ရန် မီဒီယာသမားများအနေဖြင့် မိမိဘာသာ ဆက်လက်တည်ဆောက်ကြရန် လိုပါကြောင်း၊ ပြောရေးဆို ခွင့်ရှိသူများကို မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည်များ ပြောကြားကြရန်နှင့်  မီဒီယာသမားများကိုလည်း ဆက်လက်ထိတွေ့ဆောင်ရွက်ကြရန်  အမြဲမှာကြား တိုက်တွန်းပြောကြားပါကြောင်း၊ သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖြစ်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊ ပြောရေးဆိုခွင့်ရှိသူများ ရွေးချယ်ပြီးချိန်တွင်လည်း တွေ့ဆုံပွဲ လုပ်ပေးခဲ့ပါကြောင်း၊ ကျန်သည့်အပိုင်းကို မီဒီယာများက ဆက်လက်တည်ဆောက်ကြရန် လိုပါကြောင်း၊ မေးခွန်းများ မေးမြန်းသည့်အခါတွင် တခါတရံ အစည်းအဝေးများရှိသည့်အတွက် ဖြေကြားရန် ခက်ခဲသည့်အနေအထားများလည်း ရှိနိုင်ပါကြောင်း၊ ထိုအခါ ရုံးဆင်းချိန်များတွင် ဆက်လက်မေးမြန်းနိုင်ပါကြောင်း၊ ဇွဲဖြင့် အကြိမ်ကြိမ် ဆက်သွယ်ပြီး မေးမြန်းပါက တာဝန်ရှိသူများက ဖြေကြားမည်သာ ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ဖြေကြားမှုများအား မလုံလောက်သေးဘူးဟု ယူဆလျှင် စာဖြင့်ရေးသားပြီး ပြော၍ရပါကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအား ဖုန်းဆက်သော်လည်း မကိုင်လျှင် တနည်းနည်းဖြင့် ဌာနသို့ အသိပေးအကြောင်းကြားနိုင်ပါကြောင်း၊ မိမိတို့ အနေဖြင့် မီဒီယာများနှင့် ထိတွေ့မှု၊ ဆက်သွယ်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စေတနာနှင့် စိတ်ဓာတ်ရှိပါကြောင်း  ဖြည့်စွက်ဖြေကြားသည်။

 

ယင်းနောက် Union Daily သတင်းစာက ဥတ္တရသီရိမြို့နယ်တွင် ရုပ်ရှင်ခြံတစ်ခု တည်ဆောက်ရန်နှင့် ပုဗ္ဗသီရိမြို့နယ်တွင် တရားရေးနှင့်ပတ်သတ်သည့် တက္ကသိုလ်တစ်ခု တည်ဆောက်ရန် အမျိုးသားလွှတ်တော်တွင် ဖြေကြားထားပြီး  ဘာကြောင့် အကောင်အထည် မဖော်နိုင်သေးသည်ကို သိလိုကြောင်း မေးမြန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဥတ္တရသီရိမြို့နယ်တွင် ရုပ်ရှင်ခြံတစ်ခု တည်ဆောက်ရန် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ထားခြင်းမရှိပါကြောင်း၊ နေပြည်တော်တွင် ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများနှင့် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ထားပါကြောင်း၊ စီမံကိန်းတစ်ခုအနေဖြင့် ဖြစ်နိုင်ခြေလေ့လာနေဆဲ ဖြစ်ပါကြောင်း၊ ပုပ္ဗသီရိမြို့နယ်တွင် တရားရေးနှင့်ပတ်သတ်သည့် တက္ကသိုလ်တစ်ခု တည်ဆောက်ရန် ဆိုသည်မှာ မိမိတို့ ဝန်ကြီးဌာနနှင့် တိုက်ရိုက်မသက်ဆိုင်သည့်အတွက် မသိပါကြောင်း ဖြေကြားသည်။

 

ထို့နောက် Myanmar Now သတင်းဌာနက  ကိုဗစ်ကြောင့် ပျက်သုန်းသွားသည့် ပုဂ္ဂလိကမီဒီယာများအား ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးသည်ကို မတွေ့ရပါကြောင်း၊ ဘာအတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကိုဗစ်ကြောင့် ထိခိုက်မှုများတွင် ရုပ်ရှင်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်းသည် မိမိတို့နှင့် သက်ဆိုင်ပါကြောင်း၊  ရုပ်ရှင်လုပ်ငန်းသည် Industry သဘောဖြစ်သည့်အတွက် လုပ်ငန်းပမာဏ ကြီးမားပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းနေရသည့်အတွက် တင်ပြလာသည်များ ရှိပါကြောင်း၊ ရုပ်ရှင်ရုံများ ဖွင့်လှစ်ရန်၊ ရုပ်ရှင်ရိုက်ကူးရေးများကို  ဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် ကျန်းမာရေးအရ ကန့်သတ်ထားသည့် အကန့်အသတ်၊ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ထားသည်များ ရှိပါကြောင်း၊ စည်းမျဉ်းစည်းကမ်းတွင် မပါဝင်သော်လည်း ကျန်းမာရေးရှုထောင့်အရ ထိန်းသိမ်းရသည်များလည်း ရှိပါကြောင်း။

 

ထိုကဲ့သို့အနေအထားတွင် လောလောဆယ် မလုပ်ဆောင်နိုင်သေးသော်လည်း လုပ်နိုင်သမျှ နည်းလမ်းရှာရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း မိမိတို့ထက် ကြီးမားသည့် ရုပ်ရှင်လုပ်ငန်းများရှိပြီး ၎င်းတို့လည်း ရပ်ဆိုင်းနေပါကြောင်း၊ ကိုဗစ်လည်း မကူးစက်အောင်၊ ရုပ်ရှင်ရိုက်၍ရအောင် နည်းလမ်းရှာသည့်အခါ စီမံချက်များရှိပြီး ထိုအရာများကိုလေ့လာပြီး မိမိတို့ထံတင်ပြပါကြောင်း၊ အကန့်အသတ်များအကြားတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်ပြီး လုပ်ဆောင်ရန်နည်းလမ်းများ၊ အသေးစိတ် အစီအစဉ်များကို တင်ပြကြပါကြောင်း၊ အဆိုပါ အနေအထားအတိုင်း လုပ်ဆောင်ပါက ဖြစ်နိုင်သည်ဆိုသည်ကို မိမိတို့ စဉ်းစားနေပါကြောင်း၊ အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့သို့ တင်ပြဆောင်ရွက်နေပါကြောင်း။

 

ငွေကြေးအထောက်အကူအနေဖြင့် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ငွေကြေးအရ သက်သာခွင့်များရရှိအောင် လုပ်ငန်းရှင်များက တင်လာသည်များရှိပါကြောင်း၊ ဥပမာအားဖြင့် ရုပ်သံဌာနများက ပေးသွင်းရမည်ငွေများ ရှိပါကြောင်း၊ သတ်မှတ်ထားသည့် အချိန်ကာလတွင် မပေးနိုင်ပါက ဒဏ်ကြေးပေးဆောင်ရသည်များ ရှိပါကြောင်း၊ ထိုကဲ့သို့ ပေးဆောင်ရသည်များကို သက်သာခွင့်ပြုနိုင်အောင်  မိမိတို့မှ ထောက်ခံတင်ပြ ပေးထားပါကြောင်း၊ ထို့ပြင် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးနိုင်ခွင့် တင်ပြလာပါကလည်း  မိမိတို့ ထောက်ခံတင်ပြပေးမည်ဖြစ်ပါကြောင်း၊ မီဒီယာသမားများကလည်း ကိုဗစ်ကြောင့် မိမိတို့ လုပ်ငန်းများကို သက်သာအောင် အထောက်အကူပြုလိုပါက မိမိတို့ ကိုယ်တိုင်နည်းလမ်းကြံဆပြီး ပြန်ကြားရေးဝန်ကြီးဌာအနေဖြင့် မည်သို့ကူညီပေးပါဆိုလျှင် လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ဧရာဝတီသတင်းဌာနက ပြန်ကြားရေးဝန်ကြီးဌာန၌ လည်ပတ်နေသည့် လုပ်ငန်းများ၏ အရှုံး၊ အမြတ်အခြေအနေနှင့် နေ့စဉ်ထုတ် သတင်းစာလုပ်ငန်း၏ အရှုံး၊ အမြတ် အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုခြင်းမေးခွန်းအပေါ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက ကြေးမုံ၊ မြန်မာ့အလင်းနှင့် The Global New Light of Myanmar သတင်းစာ(၃)စောင်ကို သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအနေဖြင့် တာဝန်ယူ ဖြန့်ချိဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံးခြုံငုံပြောရပါက မိမိတို့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် နှစ်စဉ် အမြတ်ရရှိနေပြီး အရှုံး မရှိပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်တွင် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာ နှစ်စောင်သည်   စတင်ထုတ်ဝေစဉ် ကစပြီး ယခုထိ အမြတ်ငွေရရှိပါကြောင်း၊ The Global New Light of Myanmar သတင်းစာသည် မိမိတို့နိုင်ငံ၏ သတင်းများနှင့်ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာကို ဖြန့်ချိရန် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ၎င်းတွင် ယခင်ကတည်းက စာဖတ်ပရိသတ် အင်အား နည်းပါးပါကြောင်း၊ သို့သော် ခေတ်မီအဆင့်မီသည့် သတင်းစာတစ်စောင်ဖြစ်ရန်နှင့် ပြင်ပနိုင်ငံများကို အသိပေးရန်ဆိုသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းစတင် ဆောင်ရွက်စဉ်ကာလက အရှုံးဖြစ်ပေါ်ပါကြောင်း၊ နောက်ပိုင်း နှစ်နှစ်တွင်   အမြတ်ငွေရရှိပါကြောင်း၊ တတိယ  နှစ်ပတ်လည် စာရင်းချုပ်သည့်အချိန်တွင် ငွေကြေး အနည်းငယ်အရှုံးပေါ်ပါကြောင်း၊ ယခုနှစ်တွင်လည်း အရှုံးပေါ်နိုင်ပါကြောင်း၊ သို့သော် ပြီးခဲ့သည့် (၂)နှစ်တာကာလတွင် ၎င်းတို့ ရရှိထားသည့်  အမြတ်ငွေရှိထားရာ  ခြုံငုံပြောရပါက The Global New Light of Myanmar သည် အရှုံးဖြစ်ပေါ်သော်လည်း ယခင်အမြတ်ငွေများနှင့် ကာမိသည့် အဆင့်သာ ရှိပါသေးကြောင်း၊ တဖြည်းဖြည်းနှင့် စောင်ရေများပြားလာစေရန်နှင့် ကြော်ငြာဝင်ငွေ တိုးတက်ရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့ကြောင့် မေးခွန်းကို ပြန်ဖြေရလျှင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် အမြတ်ငွေရရှိနေသည့်လုပ်ငန်း တစ်ခုဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အခြားသောဌာနများမှာ ဝန်ဆောင်မှုလုပ်နေသော ဌာနများသာဖြစ်ပါကြောင်း ဖြေကြားသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကောင်းမွန်သည့် အများပြည်သူဝန်ဆောင်မှု မီဒီယာ မျိုးဖြစ်စေရန် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်အပေါ် သိရှိလိုခြင်း မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့အနေဖြင့် နိုင်ငံပိုင်သတင်းစာများဖြစ်ပြီး အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ပေါင်း ကူးပေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အစိုးရဌာနများ၊ ဝန်ကြီးဌာနများ၏ ကိစ္စရပ်များကို ဖော်ပြရန်မှာ အဓိကကျသည့် အစိတ်အပိုင်း ဖြစ်ပါကြောင်း၊ သတင်းစာများတွင် အယ်ဒီတာ၏  သတင်းရွေးချယ်မှု ရှိပါကြောင်း၊ အယ်ဒီတာများ၏ ရွေးချယ်မှုဆိုသည်မှာ မိမိတို့ သတင်းစာသွားနေသည့် လမ်းကြောင်းရှိပါကြောင်း၊ ယင်းလမ်းကြောင်းကို အထောက် အကူပြုသည့်ကိစ္စရပ်များကို ဆောင်ရွက်ရပါကြောင်း၊ သတင်းစာ တစ်ခုနှင့်တစ်ခု ရွေးချယ်ပုံခြင်း မတူညီပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်ပါက ၎င်းမိန့်ခွန်းပြောခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်း စသည်တို့သည် မိမိတို့အတွက် အရေးကြီးသည့် သတင်းများဖြစ်ပါကြောင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် ၎င်းရေးလိုက်ခြင်းများသည် အများပြည်သူ သိရှိစေရန် ပြောကြားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အများပြည်သူ သိရှိစေရန် ဆက်လက်ဖြန့်ချိပေးသည့် အလုပ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာအနေဖြင့် ဆောင်ရွက်ရသည့် အလုပ်ဖြစ်ပါကြောင်း၊ ရွေးချယ်မှုတွင် ပုဂ္ဂလိက သတင်းစာများနှင့် မတူညီနိုင်ပါကြောင်း၊ ပုဂ္ဂလိကသတင်းစာများအနေဖြင့် ဝေဖန်ထောက်ပြသည့် အလုပ်ကို အဓိကထား၍ လုပ်ကိုင်ရပါကြောင်း ဖြေကြားသည်။

 

ထို့နောက် Eleven Media က မေးမြန်းသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမည်ဖြင့် ဘက်ဂျက်တောင်းခံမှုများကို  အွန်လိုင်းတွင် ပျံ့နှံ့နေပါသဖြင့် ၎င်းကိစ္စကို မည်သို့စီမံခန့်ခွဲနေသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့သည် ၂၀၁၃ ခုနှစ် ကတည်းက MoU ရေးထိုးပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးတွင်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး (၁၆)ရုံးတွင် လူထုအခြေပြုဗဟိုဌာန (Community Center)များအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုသို့ ဖွင့်လှစ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီး ပြောကြားသွားသကဲ့သို့ ပြည်သူ့စာကြည့်တိုက်များအဆင့်သာ ဖွင့်လှစ်ထားသည့် မိမိတို့ရုံးများကို Community Center များ၏  Activity များအတိုင်း သင်တန်းများ ဖွင့်လှစ်ရပါကြောင်း၊ ကွန်ပျူတာသင်တန်းများနှင့် အခြား အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပါကြောင်း၊  ထို့အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ရွှေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်ငှားလုပ်ငန်းများကို စာသင်ကျောင်းနှင့် ကျေးရွာများအရောက် ဆောင်ရွက်ခဲ့ပါကြောင်း။

 

ယင်းသို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အခါ အဆိုပါလုပ်ငန်းများ အထိုက်အလျောက် အောင်မြင်မှုများ ရှိလာပါကြောင်း၊ ထို့ကြောင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ပြည်သူများအတွက် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြားလုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်ရန် ရည်ရွယ်ချက်များ ရှိလာပါကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အောင်မြင်နေသည့် အဆိုပါ လုပ်ငန်းကြီးတစ်ခုအပေါ် NGO အဖွဲ့အစည်းတစ်ခုမှ ဆောင်ရွက်နေခြင်းထက် ဝန်ကြီးဌာနတစ်ခုမှ ဦးစီးဦးဆောင် ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုအောင်မြင်လာ မည်ဟူသော ယုံကြည်မျှော်လင့်ချက်ဖြင့် မိမိတို့ကို လွှဲပေးခဲ့ခြင်းဖြစ်ပါကြောင်း။

 

ယင်းသို့လွှဲပေးခဲ့သည့်အချိန်တွင် ရွှေ့လျားစာကြည့်တိုက်ယာဉ် (၁၇)စီးနှင့် ကွန်ပျူတာများ အပါအဝင် ငွေကျပ်သန်းပေါင်း(၁၀ဝ၀)ကျော် တန်ဖိုးရှိ စာအုပ်စာစောင်များနှင့် စက်ကိရိယာ ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အပြီးအပိုင် လွှဲပေးခဲ့ပါကြောင်း၊ ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် လက်ရှိမိမိတို့နှင့် MoU ထိုးထားသည့် အချိန်တွင် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းများ ရှိနေပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများတွင် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ရန်အတွက် ကွန်ပျူတာကျွမ်းကျင်သည့် နည်းပြဝန်ထမ်းများနှင့် ရွေ့လျားစာကြည့်တိုက် ယာဉ်တွင် e– Library Service ဆောင်ရွက်ရသည့် ကျွမ်းကျင်ဝန်ထမ်းများကို မိမိတို့ထံ လွှဲပြောင်းတာဝန်ထမ်းဆောင်စေခဲ့ပါကြောင်း၊ ယခုကဲ့သို့ လွှဲပေးခဲ့သည့် ပစ္စည်းများသည်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မိမိတို့ ဦးစီးဌာနသို့ အပြီးအပိုင် လွှဲပြောင်းပေးခြင်း ဖြစ်ပါကြောင်း။

 

မိမိတို့ဌာန၏ ဌာနပိုင်ပစ္စည်းစာရင်းတွင်လည်း စာရင်းရေးသွင်းပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူထုအခြေပြုဗဟိုဌာန လုပ်ငန်းများ ပုံမှန်လည်ပတ်ရန်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်များ ပုံမှန်လည်ပတ်ရန်အတွက် စက်သုံးဆီလိုအပ်သည်ကို တွက်ချက်တောင်းခံရပါကြောင်း၊ ထို့ပြင် ရွှေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်များ လှည့်လည်ငှားရမ်းနိုင်ရေးအတွက် စာအုပ်များ ဖြည့်တင်းနိုင်ရန် ဘတ်ဂျက်လျာထားရပါကြောင်း၊ ယင်းသို့တောင်းခံသည့်အခါတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ဘတ်ဂျက်လျာထားပြီး တောင်းပေးခြင်း မဟုတ်ပါကြောင်း၊ မိမိတို့ လျာထားတောင်းခံသည့်ငွေများသည် မိမိတို့ဌာနက တာဝန်ရှိသူများက ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ကြီးကြပ်သုံးစွဲပြီး စာရင်းစစ်ဆေးမှု ခံယူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အွန်လိုင်းမီဒီယာများတွင် သတင်းပြန့်နှံ့နေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေများ တောင်းခံပေးသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကသာလျှင် ယင်းငွေများကို တောင်းခံ၍ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ  စိစစ်သုံးစွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လွှဲပြောင်းတာဝန်ထမ်းဆောင်သည့် နေ့စားဝန်ထမ်း(၂၄)ဦးရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက သတင်းဌာနတစ်ခုခုမှ အငြင်းပွားဖွယ်သတင်း တစ်ခုခုကို ဖော်ပြပါက သဘာဝဘေး သို့မဟုတ် နိုင်ငံတော်အကြည်ညိုပျက်စေမှုတစ်ခုခုဖြင့် တရားစွဲခံနေရမှုအခြေအနေ၊ ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက မီဒီယာနှင့် အခြားအစိုးရ အဖွဲ့အစည်းများအကြား ပဋိပက္ခများတွင် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေ၊ Myanmar Digital News ၏ အခန်းကဏ္ဍ၊ တရုတ်သမ္မတခရီးစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရေးထိုးခဲ့သည့် MoU  စာချုပ်နှစ်ခု အခြေအနေ၊ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ကြော်ငြာလက်ခံဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဝန်ကြီးဌာန၏ ရေရှည်မျှော်မှန်းချက်မှာ “နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို လက်ရှိနှင့် အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်သွားရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက် (၃)ရပ်မှာ နိုင်ငံတော်၏ သဘာဝသယံဇာတအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျှော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ဖြစ်စေရန်တို့ ဖြစ်ပါကြောင်း။

 

သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ရေးနှင့် ထိန်းသိမ်းကာကွယ်ခြင်းအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေမှာ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ထုတ်ပြန်ခဲ့သည့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်း (၂၀၁၅) အရ နိုင်ငံအကျယ်အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပါကြောင်း၊ သစ်တော ဖုန်းလွှမ်းမှုတွင် ရွက်အုပ်ပွင့်တောနှင့် ရွက်အုပ်ပိတ်တော နှစ်မျိုး အပါအဝင်ဖြစ်ပါကြောင်း၊ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာချက်များကို ၅ နှစ်တစ်ကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝနယ်မြေများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ကြိုးပြင်ကာကွယ်တော ၂၆ ခု တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊  ယခုအချိန်တွင် နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၄၉ ရာခိုင်နှုန်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ အဓိက ရည်မှန်းချက်မှာ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောကို နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ရန်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင်  နိုင်ငံတော်ပိုင်စိုက်ခင်း ၂၆၀၉၃ ဧက တည်ထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းတွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်း အပါအဝင် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို စီမံကိန်းဇုန် (၆) ဇုန် ခွဲခြား၍  ၂၀၁၇ - ၂၀၁၈ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်ထုတ်လုပ်ရာတွင် နှစ်စဉ်တောထွက် ပမာဏထက် လျော့နည်းထုတ်လုပ်ခြင်းအနေဖြင့် သဘာဝတောမှ နှစ်စဉ်တောထွက်ပမာဏ (Annual Allowable Cut – AAC) ၏ ကျွန်း ၁၇ ရာခိုင်နှုန်းနှင့် သစ်မာ ၂၁ ဒသမ ၉ ရာခိုင်နှုန်းသာ ထုတ်လုပ်လျက်ရှိပါကြောင်း၊ သစ်ထုတ်လုပ် ရေးတွင် ACC လျာထားချက်များထက် လျှော့ချထုတ်လုပ်လျက်ရှိပါကြောင်း။

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တိုးတက်ဆောင်ရွက်မှုများအနေဖြင့် ဒေသခံပြည်သူများကိုယ်တိုင် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဖြင့် အခြေခံလိုအပ်ချက်များဖြစ်သည့် ထင်း၊ တိုင်နှင့် မျောများ ဖြည့်ဆည်းပေးရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ဖြည့်စွက်ပြီး ၂၀၁၉ ခုနှစ် မေလတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၈ - ၂၀၂၀)ကို ရေးဆွဲထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောဧရိယာ ၈၇၃၀၂ ဧကကျော်၊  အသုံးပြုအဖွဲ့ ၆၄၈ ဖွဲ့နှင့် အဖွဲ့ဝင် ၁၄၇၄၄ ဦး တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၄ နှစ်တာကာလအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ၇၁၄၇၂၅ ဧက၊ အသုံးပြုအဖွဲ့ ၅၄၃၂ ဖွဲ့နှင့် အဖွဲ့ဝင် ၁၃၈၂၃၃ ဦး တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောအား အမျိုးသားသစ်တောကဏ္ဍပင်မ နှစ်(၃၀) စီမံကိန်း လျာထားချက်၏ ၃၁ ဒသမ ၄၈ ရာခိုင်နှုန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တရားမဝင် သစ်ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းအနေဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစတင်၍ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (CMRS) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း တရားမဝင် သစ်  ၄၉၇၈၂ ဒသမ ၃၅ တန်၊ တရားခံ ၄၅၃ ဦး၊ ယာဉ်နှင့် ယန္တရား ၂၇၁၁ စီးကို ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

၂၀၁၉ ခုနှစ်တွင် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အရှေ့အာရှ − ဩစတြေးလျ အာရှငှက်ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေအဖြစ် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို သတ်မှတ်ခံခဲ့ရပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့်ပတ်သက်၍ လုပ်ငန်းအစီအစဉ်များကို (၂၀၁၉ - ၂၀၂၀) မှစတင်၍ (၂၀၂၈-၂၀၂၉) အထိ ဆောင်ရွက်လျက်ရှိရာ စီမံကိန်း လုပ်ငန်းများ၏ ၂၅ ဒသမ ၉၇ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

 

အပူပိုင်းဒေသတွင် ထင်းသုံးစွဲမှုလျော့ချရေးနှင့် ရေရှိရေးဆောင်ရွက်ခြင်းအနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် အပူပိုင်းဒေသများ၌ သစ်ပင်ပေါက်ရောက်မှု ခက်ခဲသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဖြန့်ဖြူးလျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ၃၈၁၈၂ လုံးကို ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း၊ အပူပိုင်းဒေသများ၌ ရေရရှိရေးအတွက် စတုတ္တ (၁) နှစ်တာကာလအတွင်း ရေကန်ငယ် ၂၁ ကန်၊ ကျောက်စီနုန်းထိန်းတမံငယ် ၁၂၂ ခု၊ အဝီစိတွင်း ၃ တွင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ မိုးရေစုကန် ၁၂ ကန်နှင့် ဂါလန် ၁၀ဝ ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၃၀ဝ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ဆင်များအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားလာစေရေးနှင့် အများပြည်သူအပန်းဖြေ လည်ပတ်နိုင်ပြီး ဌာနအတွက် ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုသည့် ဆင်စခန်းများကို ၂၀၁၈ - ၂၀၁၉ ခုနှစ်အထိ ဆင်စခန်းပေါင်း ၂၀ ဖွင့်လှစ်ခဲ့ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဗောဓိတထောင် ဆင်စခန်းနှင့် ဇလုံတောင်ဆင်စခန်းတို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည့်အတွက် ယခုအချိန် အထိ ဆင်စခန်း ၂၂ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

 

ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ − ၂၀၃၀)၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး ညစ်ညမ်းမှုကင်းစင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၆ ခုနှစ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာအတွင်း  ခရိုင်ရုံး ၁၈ ရုံးနှင့် မြို့နယ်ရုံး တစ်ရုံး ဆက်လက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြေတိုင်းဦးစီးဌာနအနေဖြင့် မြန်မာ - တရုတ် နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်းအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်မှ မတ် ၂၄ ရက်အထိ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ - အိန္ဒိယ နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်အထိ  ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ - အိန္ဒိယ နယ်နိမိတ်မှတ်တိုင် ၃၆ တိုင် စစ်‌ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် တည်‌ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

သစ်တောသယံဇာတ ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း၊ တရားမဝင်သစ် ထုတ်လုပ်သုံးစွဲမှုအား ထိန်းချုပ်ကန့်သတ်နိုင်ခြင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း၊ ဆင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ သတ္တုသယံဇာတအနေဖြင့် များများရှာဖွေ၊ အသင့်အတင့်ထုတ်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်လုပ်၊ ဒေသဖွံ့ဖြိုးရေးများများလုပ်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဟူသည့် မူဝါဒများချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို လက်ရှိနှင့် အနာဂတ် နိုင်ငံသားများအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်သွားရေးကို ရေရှည်မျှော်မှန်းချက်အနေဖြင့် ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ဝန်ကြီးဌာနသည် သစ်တောနှင့် ဓာတ်သတ္တု သယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို သဟဇာတဖြစ်အောင် ထိန်းညှိဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများသည် ကဏ္ဍစုံဆက်စပ်နေပြီး အလွန်ကျယ်ပြန့်သည့်အလျောက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက Wuntho Resources Co.Ltd အား လုပ်ပိုင်ခွင့်ချထားပေးမှုနှင့် စပ်လျဉ်း၍ မေးမြန်းရာ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်က Wuntho Resources Co.Ltd သည် သြစတေးလျနိုင်ငံ Brisbane မြို့တွင်အခြေစိုက်ထားသော PanAust Co., Ltd. က ၉၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ Myanmar Resources Energy Group International Co. Ltd. က ၁၀ ရာခိုင်နှုန်းတို့ ပူးပေါင်း၍ Wuntho Resources Co., Ltd. အမည်ဖြင့် DICA တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က  ကုမ္ပဏီမှတ်ပုံတင်ခဲ့ပါကြောင်း။

 

ကုမ္ပဏီ၏ လျှောက်ထားလုပ်ကွက်အား ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်တွင် စိစစ်၍ လွတ်ကင်းမှုရှိသော ၇၇၅ ဒသမ ဝ၅ စတုရန်းကီလိုမီတာ ၁၉၁၅၁၄ ဒသမ ၈၅၅ ဧကအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သဘောထားတောင်းခံခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကန့်ကွက်ရန်မရှိ (မရှိ)ကြောင်း သဘောထားပြန်ကြားခဲ့ပါကြောင်း။

 

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကုမ္ပဏီမှ ရေးဆွဲတင်ပြထားသော EMP အား အတည်ပြုပြန်ကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ သစ်တောစိုက်ခင်းဧရိယာ (၃၈၃၂) ဧကအား လျှော့ချကြောင်း ပြန်ကြားခဲ့ပါကြောင်း၊ ထို့အတွက် မူလလျှောက်ထား ဧရိယာ ၁၉၁၅၁၄ ဒသမ ၈၅၅ ဧကအနက် ၁၈၇၆၈၂ ဒသမ ၈၅၅ ဧကသာ ကျန်ရှိပါကြောင်း၊ ကုမ္ပဏီ၏ စာချုပ်ချုပ်ဆိုသည့်လုပ်ကွက်တွင် ပါဝင်လျက်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ တင်ပြလျှောက်ထားခဲ့ပြီး သက်ဆိုင်ဌာနများမှ သဘောထားမှတ်ချက်များ ရယူခဲ့ပါကြောင်း။

 

ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ (သတ္တုရေးရာ)၏ အစည်းအဝေးဆုံးဖြတ်ချက်၊ စီးပွားရေးရာကော်မတီ၏ သဘောတူဆုံးဖြတ်ချက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်တို့ ရယူပြီး  နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ ရှာဖွေ၊ စမ်းသပ်၊ ဖြစ်မြောက်ကာလ၌ သတ္တုဖြစ်ထွန်းမှု အလားအလာ နည်းပါးသော ဧရိယာကို နှစ်စဉ်လျော့ချဆောင်ရွက်မည်ဖြစ်၍ ထုတ်လုပ်ရေး ဆောင်ရွက်သည့်အခါ လက်ရှိလုပ်ကွက် ဧရိယာ၏ ၁ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါကြောင်း၊ အဆိုပါဧရိယာနှင့် ဝန်းကျင်ဒေသများတွင် ယခင် ၁၉၇၄ ခုနှစ် မှ ၁၉၇၈ ခုနှစ်အထိ ကုလသမဂ္ဂအစီအစဉ်ဖြင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေ ရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ Geological Survey Exploration Project (GSEP) အနေဖြင့် ဘူမိဗေဒမြေပုံ ရေးဆွဲခြင်းနှင့် ဓာတ်သတ္တုရှာဖွေ၊ စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်တိုင်းတာပြီး အချက်အလက်များနှင့် ဘူမိဗေဒအနေအထားအရ မြေရှား ဒြပ်စင် (REE) ဖြစ်ထွန်းမှုမဟုတ်သောဒေသဖြစ်၍ ရွှေ၊ ကြေးနီအဓိက တွေ့ရှိရသောဒေသဖြစ်ခြင်း ဖြစ်ပါကြောင်း၊ ရှာဖွေ၊ စမ်းသပ်၊ ဖြစ်မြောက်အဆင့်သာဖြစ်ပြီး စီးပွားဖြစ် သတ္တုသိုက် တွေ့ရှိမှသာ ထုတ်လုပ်ရေးအတွက် သီးခြားစာချုပ်ချုပ်ဆို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ရှာဖွေ၊ စမ်းသပ်၊ ဖြစ်မြောက်ကာလ၌ မြေသားနမူနာ၊ ကျောက်နမူနာရယူခြင်း၊ ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ အစမ်းမြောင်းကျင်း၊ အစမ်းမြောင်းရှည်နှင့် လွန်တူးဖော်ခြင်း လုပ်ငန်းများသာ ဆောင်ရွက်ရမည်ဖြစ်၍ ထုတ်လုပ်ခွင့် လုံးဝ (လုံးဝ) မရှိသဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးနိုင်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်၍ နိုင်ငံခြားငွေရရှိပြီး နိုင်ငံတော် ၏ GDP တိုးတက်လာနိုင်ပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းနှင့် ဒေသအတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အတွက် လက်မှတ်ရေးထိုးဆုကြေးငွေ ကျပ်သန်း ၂၅၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၁၇၈၅၉၃ ဒသမ ၃၄ နှင့် ပထမနှစ် ပုံသေမြေငှားရမ်းခ ၂၀၂၀ - ၂၀၂၁ ခုနှစ်အတွက် ငွေကျပ်သန်း ၂၈ ဒသမ ၄၂ သန်းနှင့် သစ်တောမြေ ငှားရမ်းခအခွန် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ငွေကျပ်သန်း ၈၀ ဒသမ ၁၂ သန်း ရရှိမည်ဖြစ်ပြီး ပုံသေမြေငှားရမ်းခများ နှစ်စဉ်တိုးမြှင့် ရရှိမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတော်မှ စရိတ်ကုန်ကျခြင်းမရှိဘဲ အဆိုပါဒေသ၏ မြေပေါ် မြေအောက်ဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ဝေဟင် ဘူမိရူပဗေဒ တိုင်းတာခြင်းမှ ရရှိလာသော အချက်အလက်များ၊ ဘူမိဓာတုဗေဒဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် တရားမဝင် တူးဖော်မှုများအား ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်-MIC သို့ တင်ပြခြင်းမရှိဘဲ Wuntho Resources Co., Ltd မှ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ် ဝန်းကျင်ဒေသတွင် လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးလုပ်ငန်းဆိုသည်မှာ ဧရိယာတစ်ခုကို သိပ္ပံနည်းကျလေ့လာပြီး သုတေသနလုပ်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရှာဖွေခွင့်ပေးထားသည့် ဧရိယာအတွင်း မည်သည့်နေရာတွင် မည်သည့်သတ္တုများတွေ့ရှိမည်ကို မသိရှိဘဲ ရှာဖွေရေးကုန်ကျစရိတ်မှာလည်း မည်မျှကုန်ကျမည်ကို ပြော၍မရပါကြောင်း၊ ယခုလ တွေ့ရှိချက်အပေါ်မူတည်၍ နောက်တစ်လတွင်  Exploration State ကို စဉ်းစားရသည့်အတွက် ကုန်ကျစရိတ်တွက်ချက်မှုကို ခန့်မှန်း၍ မရပါကြောင်း၊ ထို့ကြောင့် စမ်းသပ်တိုင်းတာရေးနှင့် ရှာဖွေရေးများကို MIC အားတင်ပြစရာ မလိုကြောင်းကို မူဝါဒနှင့် ညွှန်ကြားချက်ထုတ်ထားပါကြောင်း၊ ထို့ကြောင့် ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် MIC အား  မူလကသတ်မှတ်ထားသည့် မူဝါဒအရ တင်ပြရန် မလိုအပ်ပါကြောင်း၊ သို့သော် Cabinet နှင့် စီးပွားရေးရာကော်မတီသို့ တင်ပြခါနီးတွင် ဆက်စပ်ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များကို တောင်းခံပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက နိုင်ငံအဆင့် သစ်တောသယံဇာတကောက်ယူခြင်းမှ ရရှိထားသည့် သတင်းအချက်အလက် ရရှိနေမှု၊ ဒီရေတော ပြန်းတီးမှုအန္တရာယ်၊ နေပြည်တော်  တပ်ကုန်း ပင်လောင်းလမ်းခွဲနေရာများတွင် ဒေသခံတောင်သူများအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း လုပ်ကိုင်ခွင့်ချထားပေးမှု၊ ယခင်ချထားပေးပြီး လုပ်ကိုင်မှုမရှိသည့် လုပ်ကွက်များ သိမ်းဆည်းမှု အခြေအနေ၊ ရွှေကြွေးကျန်ရှိသည့် ကုမ္ပဏီများအား တောင်းခံနေမှု၊ လက်ရှိအချိန်အထိ ကြွေးကျန်အရေအတွက်၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ မိုးထိမိုးမိဒေသနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှု၊ ခေါင်လန်ဖူးဒေသရှိ စီမံကိန်းများ အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်လတ်က ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစားအသီးသီးထံ တိုက်ရိုက်သွယ်ဝိုက်နည်းလမ်းများဖြင့် ဝင်ငွေများစီးဆင်းစေနိုင်ခြင်း အကျိုးကျေးဇူးများရရှိစေနိုင်သော မီးခိုးမထွက်သည့် စက်ရုံလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် ဝင်ရောက်လာနိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးရလဒ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသခံများ ပျံ့နှံ့ရရှိခံစားနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းအစီအမံများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

 

ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများကို ဒေသခံပြည်သူလူထု တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) အား ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ကျေးရွာပေါင်း ၄၂ ရွာ ပါဝင်သည့် CBT site ၁၉ ခု ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ ကျေးရွာပေါင်း ၁၀ ရွာ ပါဝင်သည့် CBT site (၇) ခု ဖော်ထုတ်ရန် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၅၀ဝ၀ဝ ကျော် လာရောက်လည်ပတ်ခဲ့ပါကြောင်း။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧည့်လမ်းညွှန်သင်တန်း အဆင့်ဆင့်နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းအမျိုးမျိုး၊ ဘာသာစကားသင်တန်းများနှင့် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ (Tourism Police) သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း၊ Luxembourg Development နှင့် ပူးပေါင်းဖွင့်လှစ်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် Train the Trainer သင်တန်း များ၊ Assistant Cook သင်တန်းများ၊ Passenger Fares & Ticketing သင်တန်းများနှင့် Travel & Tour သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း၊ ထို့အတူ Swiss Contact  နှင့် ပူးပေါင်း၍ Digital Marketing Training နှင့် Supervisory Skills Training သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း။

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသများ အကြောင်းနှင့် လုံခြုံစိတ်ချစွာလည်ပတ်နိုင်မှုကို ကမ္ဘာအနှံ့မှ အချိန်တိုအတွင်း သိရှိပြီး လာရောက်လည်ပတ်နိုင်ရေးအတွက် Digital Marketing စနစ်ဖြင့် မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ www.tourism.gov.mm Website ကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်မှစတင်၍ မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနှင့် အီတလီ စုစုပေါင်းဘာသာစကား (၁၁) မျိုးဖြင့် လွှင့်တင်ခဲ့ပါကြောင်း။

 

သက်ဆိုင်ရာ ခရီးစဉ်ဒေသအလိုက် သတင်းအချက်အလက်များကို ခရီးသွားဧည့်သည်များမှ အလွယ်တကူ Scan ဖတ်၍ သတင်းအချက်အလက် ရယူနိုင်သည့်  QR Code စနစ်ဖြင့် ဘာသာစကား (၁၁) မျိုး၏ Website Link များ၊ ဘာသာစကား (၄) မျိုးဖြင့် ဖော်ပြသည့် Do & Don’ts PDF download စနစ်၊ ဘာသာစကား (၁၀) မျိုးဖြင့် ခရီးသွားအကြံပြုချက်များ Link ၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်တို့၏ ဒေသဆိုင်ရာမြေပုံများကို PDF download စနစ်ဖြင့် ရယူနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားပါကြောင်း။

 

ခရီးသွားဆိုင်ရာ အချက်အလက်များ၊ ဒေသအလိုက် ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်များကို ခရီးသွားဧည့်သည်များကိုယ်တိုင် တိုက်ရိုက်ကြည့်ရှုနိုင်မည့် Digital Concierge စနစ်များကို ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊ ဟဲဟိုးနှင့် ကန်ပက်လက်တို့ရှိ Information Counter များတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စမ်းသပ်အသုံးပြုနေပါကြောင်း၊ ယင်း Digital Concierge စနစ်များကို တစ်နိုင်ငံလုံးရှိ နေရာ ၆၀ တွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Website မှတစ်ဆင့် မေးမြန်းလာသော အကြောင်းအရာများကို Real Time Chat Bot ဖြင့် ဖြေကြားပေးခြင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် မှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ၃၅၅၁၄၂၄ ရှိခဲ့ရာမှာ ၂၀၁၉ ခုနှစ်တွင် ၄၃၆၄၁၀၁ အထိ တိုးတက်လာပါကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (UNWTO) စာရင်းအင်းများအရ ခရီးသွားလုပ်ငန်း အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ပါဝင်သည်ကို ဗြိတိန်နိုင်ငံ Independent သတင်းစာက ဖော်ပြခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားအလား အလာအရှိဆုံး (၇) နိုင်ငံ၌ မြန်မာနိုင်ငံပါဝင်သည်ကို အမေရိကန်နိုင်ငံ Forbes စီးပွားရေး မဂ္ဂဇင်းကလည်း ဖော်ပြခဲ့ပါကြောင်း။

 

ကိုဗစ်အလွန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Communication Campaign of Marketing, Visa ကြေး၊ ဇုံဝင်ကြေး၊ ကန့်သတ်ဧရိယာ ဖြေလျော့ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော အခြေခံအဆောက်အဦးများ မြှင့်တင်ခြင်း၊ Travel Bubble များဖြင့် အာဆီယံ ခရီးသွားနှင့် အာရှခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်း၊ Development Partner များကို Incentive ပေး၍ Investment ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်သွားရန် ရည်မှန်းဆောင်ရွက်နေပါကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Tourism Master Plan) ၂၀၂၀ -၂၀၃၀ ရေးဆွဲခြင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနည်းဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ခရီးသွားလုပ်ငန်းများ၏ သဘာဝအရ လိုအပ်သော အမိန့်များနှင့် စံနှုန်းများ ထုတ်ပြန်သတ်မှတ်ခြင်း၊ ဧည့်စာရင်းတိုင်ခြင်း လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Hotel Guest List Management System ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်ပြေးညီ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးစဉ်အသစ်များ ထပ်မံဖော်ထုတ်နိုင်ရေးနှင့် ခရီးစဉ်များ ဆက်စပ်သွားလာနိုင်ရန် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာများ တိုးမြှင့်ဖော်ထုတ်ခြင်း၊ အားကစားခရီးသွားလုပ်ငန်း (Sport Tourism) နဲ့ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ လက်ရှိ လက်မှတ်ရေးထိုးပြီးသည့် MOU များ သက်တမ်းတိုးခြင်း၊ MOU အသစ်များ လက်မှတ်ရေးထိုးခြင်း၊ G to G မှ B to B တိုးမြှင့်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက ကိုဗစ်အလွန်ကာလ ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်အဆင့် COVID-19 Economic Release Plan သည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ ဖြစ်ပါကြောင်း၊ ယနေ့ အကျဉ်းတင်ပြသွားသည့် မိမိတို့၏ Strategy Road Map သည် COVID-19 Economic Release Plan ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် နောက်ဆက်တွဲ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်သွားရန်ရှိပါကြောင်း၊ အဓိက အကျဆုံးစိန်ခေါ်မှုမှာ ဘတ်ဂျက်ရရှိရန်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအင်အား ၁၇၀ဝ အထိ ခန့်အပ်နိုင်သော်လည်း ယခု ဝန်ထမ်းအင်အား ၃၀ဝ ခန့်သာ ခန့်အပ်ထားသည့်အတွက် ပိုသည့်လစာကို နှစ်စဉ်ပြန်လည် အပ်နှံရပါကြောင်း၊ ယင်းပြန်လည်အပ်နှံမှုများထဲမှ ငွေကျပ်သန်း ၂၀ဝ ကို တောင်းခံထားပါကြောင်း၊ မိမိတို့အနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများကို ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့်အခါတွင် ရှိသင့်သည့် အခြေခံခရီးသွား လုပ်ငန်းကျွမ်းကျင်မှုများရရှိစေရန် ဝန်ကြီးဌာန ဘတ်ဂျက်အတွင်းမှ နေ့တွက်စားရိတ်ပေး၍ သင်တန်းများပေးသွားမည် ဖြစ်ပါကြောင်း၊ Tour Guide များကို သင်တန်းဆရာများအဖြစ် သင်ကြားစေမည်ဖြစ်ပြီး ၎င်းတို့ကို ဉာဏ်ပူ‌ဇော်ခပေးမည်ဖြစ်ပါကြောင်း၊ ဟိုတယ်ဝန်ထမ်းများကို သင်တန်းများ ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ CERP မှတစ်ဆင့် ယင်းသင်တန်းများကို ဖွင့်လှစ်ရန်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက ကိုဗစ်ကာလဖြစ်သည့်အတွက်  မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများ၏ နစ်နာဆုံးရှုံးမှုအခြေအနေ၊ ဟိုတယ်လုပ်ငန်းရှိ အလုပ်လက်မဲ့ဖြစ်သွားသည့် ဝန်ထမ်းများ အလုပ်ပြန်လည်ခန့်အပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အချိန်၊ ကိုဗစ်အလွန်ကာလတွင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမည့်အစီအမံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းခြေပတ်လမ်း ဖြစ်နိုင်ချေ ရှိ/မရှိ ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ဝန်ကြီးဌာနတွင် ဆုံးရှုံးနစ်နာမှု အခြေအနေ ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

ဟန်မျိုးစိုး၊ ကေတာ