နေပြည်တော် ၁၈ ဇွန်
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာအသစ်မတွေ့ရှိရသည်မှာ ဇွန် ၁၇ ရက်တွင် နှစ်ရက်ရှိပြီဖြစ်သည်။ သို့ရာတွင် စောင့်ကြည့်လူနာ အသစ်များရှိနေဆဲဖြစ်ရာ နောက်ထပ်အတည်ပြုလူနာအသစ်များ ထပ်မံထွက်ပေါ်လာနိုင်သေးသည့် အခြေအနေဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ရင်ဆိုင်ဆင်နွှဲနေရသည့် တိုက်ပွဲသည် မပြီးဆုံးနိုင်သေး။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါက ကျန်းမာရေးကိုရော စီးပွားရေးကိုပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ကပ်ရောဂါလည်း ဖြစ်သည့်အတွက် စစ်မျက်နှာနှစ်ဖက်ဖွင့်၍ ရင်ဆိုင်နေကြ ရခြင်းလည်း ဖြစ်သည်။ ထူးခြားချက်မှာ ရောဂါကူးစက်မှုကို ရှောင်ကြဉ်နိုင်ရေး အတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာရသည့် လူမှုရေး၊ စီးပွားရေး အကျိုး ဆက်များကို ကုစားရန်အတွက်မူ စည်းလုံးညီညွတ်မှုတို့ မဖြစ်မနေ လိုအပ်ခြင်းပင် ဖြစ်သည်။
မိမိတို့နိုင်ငံ၏ အားသာချက်မှာ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ကြရာ၌ စုပေါင်းအင်အားဖြင့် အခြေအနေ ကောင်းတစ်ရပ် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။ လက်ရှိအခြေအနေသည် ကပ်ရောဂါ ကင်းစင်ပပျောက် မသွားသေးသော်လည်း ရေရှည်အကျိုးကို မျှော်ကိုး၍ လုပ်သင့်လုပ်ထိုက်သည်တို့ကို လုပ်ကြရန် နှင့် ကူးစက်ရောဂါ ထိန်းမနိုင်သိမ်းမရ ပြန့်ပွားသွားသည့်အခြေအနေသို့ ရောက်ရှိမသွားအောင်ရှောင်ကြဉ်ကြရန် ပင်ဖြစ်သည်။ နယူးနော်မယ် ပုံစံဖြင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပြန်လည် ဖွင့်လှစ်လာနိုင်ခြင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြန်လည် ဖွင့်လှစ်ပြုလာခြင်း၊ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ လာခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ နိုးထလှုပ်ရှားလာခြင်း စသည်ဖြင့် ကူးစက်ရောဂါ အကန့်အသတ် များထဲမှာပင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်လာကြသည်ကို တွေ့မြင်ရသလို ဆက်လက်၍လည်း ကျယ်ကျယ်ပြန့်ပြန့်နှင့် အားကောင်းမောင်းသန် ပြန်လည်သန်စွမ်းလာသည်အထိ ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်မိသည်။
မုန်တိုင်းသည် သဘာဝဘေးအန္တရာယ်ဖြစ်သလို မိုးရေရရှိစေ သည့် ကောင်းကျိုးလည်း ပေးသကဲ့သို့ပင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတွင်ရော မိမိတို့နိုင်ငံမှာပါ အဆိုးထဲမှ အကောင်းတို့ ပေါ်ပေါက်ခဲ့သည်များ ရှိခဲ့သည်။ မိမိတို့နိုင်ငံတွင်မူ နိုင်ငံတော်နှင့် ပြည်သူအကြား၊ ပြည်သူချင်းချင်းအကြား၊ ဌာနဆိုင်ရာများ အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းနှင့် ကိုဗစ်-၁၉ မတိုင်မီ ကာလကထက် နည်းပညာကို ပိုမိုသုံးစွဲလာကြခြင်းဖြစ်ရာ ယင်း အရှိန်အဟုန်ကို ထိန်းသိမ်းကာ ဆက်လက်အသုံးချ ဆောင်ရွက်သွား ကြခြင်းဖြင့် တိုးတက်ဖွံ့ဖြိုးမှုကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။ ထို့အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြ သူများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြခြင်းကြောင့် ပြည်ပအလုပ်အကိုင်ရရှိသည့်ဝင်ငွေလျော့ကျသွားနိုင်သော်လည်း ပြည်ပပြန် အလုပ်သမားများ၏ လုပ်အားကို ထိထိရောက်ရောက် အသုံးချနိုင်ခြင်းဖြင့်လည်း ပြည်တွင်းကုန်ထုတ်စွမ်းအားကို တိုးမြှင့် စေနိုင်မည်ဖြစ်သည်။
ကိုဗစ်-ဝ၉ ကပ်ရောဂါသည် မိမိတို့တစ်နိုင်ငံတည်းသာ ရင်ဆိုင် နေကြရခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို မွှေနှောက်ချောက်များ စေကာ ကမ္ဘာ့အစီအစဉ်ကြီးကိုပါ ကမောက်ကမဖြစ်စေခြင်း ဖြစ်သည့်အတွက် အထက်တွင်ဖော်ပြခဲ့သလို အဆိုးထဲမှအကောင်း၊ ဘေးအန္တရာယ်နှင့်အတူ အခွင့်အလမ်းတို့လည်း ပါရှိနေရာ အဆိုးနှင့် ဘေးအန္တရာယ်တို့ကို ရင်ဆိုင်ရင်း အကောင်းနှင့် အခွင့်အလမ်းတို့ကို ရယူနိုင်မည်ဖြစ်သည်။ ယင်းအတွက် အဓိကအင်အားမှာ ပြည်သူများ ပင်ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အလုပ်လုပ်သည့် ပြည်သူများ တက်ညီလက်ညီစုပေါင်းအင်အားဖြင့် ကိုဗစ်-၁၉ အလွန်ကာလ ရလဒ်ကောင်းတို့ကို ဖော်ဆောင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း