မုံရွာ ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြဝတီရပ်ကွက်အတွင်းမှ ငွေစက္ကူအတုများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့က မုံရွာမြို့ အမှတ်(၁၃) မှုခင်းတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သန်းဇော်ဦး ဦးစီးသော အဖွဲ့သည် မုံရွာမြို့ မြဝတီရပ်ကွက် သီတာနန္ဒာလမ်းတွင် အိမ်ငှားနေသူ မနဒီထွန်း၏နေအိမ်အား ငွေစက္ကူအတုများ ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။
၎င်းနေအိမ်အတွင်းရှိ ခုတင်ပေါ်နှင့် ခုတင်အောက်တို့မှ စက္ကူအတု ကျပ် ၁၀ဝ၀ဝ တန် ၂၉ ရွက်၊ ကျပ် ၅၀ဝ၀ တန် သုံးရွက်၊ ကျပ် ၁၀ဝ၀ဝ တန် ငွေစက္ကူအပိုင်းအပြတ် ငါးရွက်နှင့်အတူ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိသဖြင့် မနဒီထွန်းအား စစ်မေးရာ အဆိုပါ သက်သေခံပစ္စည်းများမှာ ၎င်းနှင့်အတူ မင်းမင်းခန့်(ခ)ဖြိုးမောင်မောင်တို့ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မနဒီထွန်းအား ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပြီး မင်းမင်းခန့်(ခ)ဖြိုးမောင်မောင်အား အမြန်ဖမ်းဆီးမိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လူအောင်(ကသာ)