သထုံ   ၁၈   ဇွန်   

 

ယခုနှစ် မိုးရာသီတွင် ကွမ်းရွက်အထွက်ကောင်းပြီး ဈေးအသင့်အတင့် ကောင်းမွန်သောကြောင့် သထုံမြို့နယ် အတွင်းရှိ ကွမ်းစိုက် တောင်သူအချို့ အဆင်ပြေကြကြောင်း သိရသည်။

 

ကွမ်းစိုက်ရာသီတွင် ဈေးအမြင့်ဆုံး အချိန်က ယာကွမ်း တစ်ပိဿာ ငွေကျပ် ၆၀ဝ၀ အထိ ခြံပေါက်ဈေး ရရှိခဲ့ပြီး လက်ရှိအချိန်တွင် အကောင်းဆုံး ယာကွမ်းအရွက် တစ်ပိဿာ ငွေကျပ် ၁၈၀ဝ မှ ၂၅၀ဝ အထိ ခြံဈေး ရရှိသည်ဟု သိရသည်။

 

"ဒီနှစ် မိုးကလည်းမှန်တော့ အပင်က စိုက်ချသမျှ အောင်တယ် ကွမ်းဈေးကလည်း ကောင်းတယ်၊  လွန်ခဲ့တဲ့ နှစ်တွေက ရာသီဥတုမကောင်း ပိုးကလည်းကျနဲ့ ကွမ်းစိုက်သူတွေ တော်တော်ရှုံးခဲ့တော့ သိပ်မစိုက်ကြတော့ဘူး။ ဒီနှစ်ကတော့ မဆိုးဘူးလို့ ပြောရမှာပေါ့။ နေ့စားမငှားဘဲ ကိုယ်တိုင် လုပ်နိုင်ရင်တော့ ကျန်ပါတယ်" ဟု ဇရပ်ကျွန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဒေါ်သန်းဌေးက ပြောသည်။

 

ကွမ်းရွက် တိုင် ၁၀ဝ၀ စိုက်ပျိုးပါက ခန့်မှန်း ကုန်ကျစရိတ် ငွေကျပ် ၁၀ သိန်းခန့်ရှိပြီး အထွက်အကောင်းဆုံး အချိန်၌ တစ်ကြိမ်ခူးပါက ပိဿာချိန် ၅၀ ခန့်ရရှိကာ တစ်လလျှင် နှစ်ကြိမ် အရွက်ခူးနိုင်ကြောင်း ၎င်းက ပြောသည်။

 

ဇရပ်ကျွန်းကျေးရွာမှ ထွက်ရှိသည့် ကွမ်းရွက်များကို ဒေသတွင်း စားသုံးမှုအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်မြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက် ရှိသည်။

 

သထုံမြို့နယ်အတွင်း စီးပွားဖြစ် ကွမ်းစိုက်ပျိုးသူ အများအပြား ရှိခဲ့သော်လည်း သုံးနှစ်ဆက်တိုက်ခန့် မိုးရာသီတွင် မိုးများပြီး ရွက်ပုပ်(ဆစ်ပိုး) ကျ၍ ပျက်စီးမှုများနှင့် နွေရာသီတွင် ရေပြတ်၍ အပင် သေဆုံးမှုများကြောင့် ဆုံးရှုံးမှုများရှိခဲ့ရာ ယခုအခါ စိုက်ပျိုးသူ လျော့နည်းလာပြီး ဇရပ်ကျွန်းကျေးရွာတွင် ယခင်က ရွာလုံးကျွတ်နီးပါး ကွမ်းစိုက်ပျိုးကြရာမှ ယခုအချိန်တွင် စိုက်ပျိုးသူ ၁၅ ဦးခန့်သာ ရှိတော့ကြောင်း သိရသည်။

 

သက်ဦး(သထုံ)