၁၈ ဇွန်

 

ဟိမဝန္တာတောင်တန်း နယ်ခြားတစ်လျှောက်တွင် ဇွန် ၁၅ ရက်နေ့က  တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့သည်။

 

အဆိုပါ ပဋိပက္ခဖြစ်ပွားမှုတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့သည်ဟု အိန္ဒိယတပ်မတော်က ပြောကြားခဲ့သည်။ တရုတ်ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရသူများ ရှိခဲ့သည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာ တို့သည် ယမန်နေ့က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး တယ်လီဖုန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

ထိုဖုန်းပြောဆိုမှုတွင် ဝမ်ယိ က အိန္ဒိယ၏လုပ်ရပ်များသည် နှစ်နိုင်ငံအကြား နယ်စပ်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်သည်ဟု ဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြထားသည်။

 

ဝမ်ယိက အငြင်းပွားမှုများကို ချက်ချင်းရပ်တန့်ရန်၊ တာဝန်ရှိသူများကို ပြင်းထန်စွာ အပြစ်ပေးရန်နှင့် စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးရန် အိန္ဒိယကို မေတ္တာရပ်ခံခဲ့သည်ဟုလည်း ထိုနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

 

တရုတ်က လက်ရှိ အခြေအနေကို ပြောင်းလဲခြင်းမပြုလုပ်ပဲ သဘောတူညီချက်ကို ဖောက်ဖျက်ကာ အိန္ဒိယဘက်ခြမ်းတွင် အဆောက်အအုံတစ်ခု ဆောက်လုပ်ရန် ကြိုးစားနေကြောင်း ဂျေရှန်ကာက အခိုင်အမာ ပြောဆိုခဲ့သည်ဟု အိန္ဒိယက ဆိုသည်။

 

နှစ်နိုင်ငံအကြား ဖြစ်ပွားသော ပဋိပက္ခတွင် အိန္ဒိယစစ်သားများ သေဆုံးခြင်းသည် ၄၅ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်ဖြစ်သည်ဟု အိန္ဒိယသတင်းမီဒီယာက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို