ရန်ကုန် ၁၈ ဇွန်
မြန်မာ့မီးရထား၏ လမ်းပိုင်းအသီးသီး၌ ပြေးဆွဲလျက်ရှိသော ခရီးဝေးရထားများတွင် ခရီးသည်များ တစ်ဉီးနှင့် တစ်ဉီး သတ်မှတ်အကွာအဝေးအတိုင်း လိုက်ပါစီးနင်းနိုင်ရေးအတွက် မြန်မာ့မီးရထား၊ တိုင်း အသီးသီး၌ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရထားစီး ခရီးသည်များအနေဖြင့် ပါးစပ် နှာခေါင်းစည်းတပ်ဆင်ပြီးမှသာ ရထားစီးနင်းကြရန် နှိုးဆော်ပေးလျက်ရှိပြီး ရထားဘူတာရုံများ၌ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်မှုရှိ မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးကန်များ၌ ခရီးသည်များ လက်ဆေးနိုင်ရေးအတွက် ကြပ်မတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကာ ရထားစီးခရီးသည်များအနေဖြင့် ရထားလက်မှတ် မရပါက နောက်ရက်သို့ ရက်ရွေ့လိုက်ပါကြရန်နှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ရှားရန် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက မေတ္တာရပ်ခံမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးတွင် အဓိကကျသော သတ်မှတ်အကွာအဝေး ရရှိစေရေးအတွက် ဆောင်ရွက် ခြင်းဖြစ်ပြီး ထိုင်ခုံမဲ့လက်မှတ်များ ရောင်းချခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် ရထားများပေါ်၌ လက်မှတ်မဲ့ ခရီးသည်များ မပါရှိစေရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ရှားစေလိုသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ နိုင်ငံတွင်း အဓိကကျသည့် လမ်းပိုင်းကြီး ၆ ခုတွင်အသာ အစုန်အဆန် ရထားတစ်စီးစီပြေးဆွဲပေးခဲ့ပြီး ကျန်လမ်းပိုင်းများတွင် ပြေးဆွဲနေသော လူစီးရထားများကို ယာယီရပ်နားထားခဲ့သည်။
လက်ရှိခရီးဝေးရထားများ ပြေးဆွဲနေမှုနှင့်ပတ်သက်၍ မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇) သွားလာရေး မန်နေဂျာ ဉီးဇော်လွင်က “ ပုသိမ်-ကြံခင်းလမ်းပိုင်းရယ်၊ နေပြည်တော်-ချောက် လမ်းပိုင်းကတော့ တစ်စီးစီပဲ၊ ကျန်တဲ့ လမ်းပိုင်းလေးခုတော့ နှစ်စီးစီ ဖြစ်သွားပါပြီ” ဟု ပြောကြားသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသည် ပိုမိုများပြားလာသည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်- မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနားခရီးစဉ်များအတွက် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ အမြန် ရထားတစ်စီး စီတိုးချဲ့ပြေးဆွဲပေးခဲ့ပြီး ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ခရီးသည်များ တစ်ဉီးနှင့်တစ်ဉီး သတ်မှတ်အကွာအဝေးဖြင့် လိုက်ပါစီးနင်း နိုင်ရေးအတွက် ခရီးသည်တစ်ဦးလျင် ထိုင်ခုံ ၂ နေရာစာ စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ လက်မှတ် တစ်စောင်လျင် ထိုင်ခုံနှစ်နေရာစီစဉ်ပေးသော်လည်း ရထားလက်မှတ်ခမှာ တစ်ဉီး အတွက်သာ ကျသင့်ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၁၄ ရက်နေ့၌ ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ဘူတာများအားလုံးတွင် လက်ဆေးဘေစင်ပေါင်း ၁၁၈ လုံးကို တစ်လအတွင်းတပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ရထားစီးခရီးသည်များ လက်ဆေး နိုင်ရေးအတွက် လိုအပ်သော လက်ဆေးဆပ်ပြာဆီများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အဖြူရောင် တွဲလက်ဘူတာ စာရေးများ ပရဟိတအဖွဲ့၊ ဇာမနီမြန်မာနိုင်ငံသား အသိပညာမျှဝေရေးအဖွဲ့နှင့် လပ်ဘွိုင် ဆပ်ပြာတို့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ဇော်လွင်


