ထန်းတပင် ၁၈ ဇွန်
တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်တန့် ရောင် စီမံချက်ဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် အတွင်းရှိ တောင်သူများထံသို့ အခမဲ့ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိပြီး ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲပိုင်းက ကျေးရွာအုပ်စု (၁၅)အုပ်စုတို့မှ တောင်သူများအား မျိုးစပါးများ ထောက်ပံ့ဖြန့်ဝေပေးခြင်းကို ရေပေါ်သောင် ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူ များက ဆက်လက်၍ ထောက်ပံ့ဖြန့်ဝေပေးအပ်လျက်ရှိကြောင်း သိရသည်။
တောင်သူအကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် အထွက်ကောင်း မျိုးစပါးတွေကို ဦးစားပေး ထောက်ပံ့တာပါ။ အထွက်ကောင်းဖို့ လိုတဲ့အခါမှာ မျိုးကြောင့်ဖြစ်တဲ့ အထွက်လျော့နှုန်းမဖြစ်အောင် တိုင်းဒေသကြီး အစိုးရက မျိုးသန့်လွှမ်းခြုံဖို့ ယခုလိုထောက်ပံ့တာပါ၊ အဲဒီအတွက်ကြောင့်ရရှိသော တောင်သူများ ကလည်း ရည်ရွယ်ချက်ဖြစ်တဲ့ တောင်သူအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် အထွက်တိုးဖို့အပြင် အရည်အသွေး ကောင်းဖို့အတွက်လည်း တောင်သူများအနေဖြင့် ဆက်လက်ကြိုးပမ်းပေးရန် လိုအပ် ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေမီမီစိုးက မျိုးစပါး ထောက်ပံ့ပွဲတွင် ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဒေသခံ တောင်သူများအား ရှင်းပြသည်။
မျိုးစပါးများ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေမီမီစိုး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးခိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ ကျေးရွာ ခွဲပေါင်း (၅၈) ရွာတို့မှ တောင်သူ(၈၅၄)ဦးတို့၏ စိုက်ပျိုးဧက(၁၉၈၀)တို့အတွက် ဆင်းသုခမျိုးစပါးတင်း (၂၉၇၀) ကို ဒေသခံတောင်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၅၉)စုရှိ တောင်သူ (၃၅၅၃)ဦးတို့၏ စိုက်ဧက (၇၃၃၄)ဧက တို့အတွက် ဆင်းသုခမျိုးစပါး(၅၈၄၁)တင်း၊ ရတနာတိုးစပါးမျိုး(၃ဝဝဝ)တင်းနှင့် ရက်(၉၀) စပါးမျိုးတင်း ၂၁၆၀) စုစုပေါင်း မျိုးစပါးတင်းပေါင်း ၁၁ဝဝ၁ ကို ထောက်ပံ့ဖြန့်ဖြူး ပေးခြင်းဖြစ်ပြီး ဇွန်လ (၁၇)ရက်နေ့အထိ တောင်သူ(၁၃၈၀) တို့၏ စိုက်ဧက (၃၁၇၅)ဧကအတွက် မျိုးစပါး တင်း ပေါင်း (၄၇၆၂ ဒသမ ၅)တင်းကိုထောက်ပံ့ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တောင်သူများ အား မျိုးစပါးကို အခမဲ့ ထောက်ပံ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


