မန္တလေး ၁၈ ဇွန်
မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ယခုဘဏ္ဍာနှစ်ထိ ၄ နှစ်တာ ကာလအတွင်း ဧရာဝတီမြစ်နှင့် အခြား မြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေးနှင့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းပေါင်း ၈၅ ခု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းများအတွင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်းပေါင်း ၂၀ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လကုန်တွင် အားလုံးပြီးစီးမည်ဖြစ်သည်။
“ကမ်းပြိုမှုက ဧရာဝတီမြစ်ထဲမှာ အများဆုံးဖြစ်ပြီး ရေကြောင်းပြောင်းလဲတာကြောင့်ပါ။ ကမ်းပြိုရင် ဒေသခံတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဌာနကို ဆက်သွယ်လာတဲ့အခါ ကွင်းဆင်းစစ်ဆေး ပါတယ်။ ခွင့်ပြုလို့ ဘတ်ဂျက်ရရှိရင် ဆောင်ရွက်ပေးရတာပါ။ ဒီဇိုင်းကို ရုံးချုပ်က ပညာရှင်အဖွဲ့ထံ တင်ပြပြီးချထားပေးတဲ့ ဒီဇိုင်းနဲ့လုပ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောကြားသည်။
ဘဏ္ဍာနှစ်များအရ ၂၀၁၆-၂၀၁၇ တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၀ နှင့် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်း ၁ ခု၊ ၂၀၁၇-၂၀၁၈ တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၇ ခုနှင့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်း ၃ ခု၊ ၂၀၁၈-၂၀၁၉ တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၆ ခုနှင့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်း ၄ ခု၊ ၂၀၁၉-၂၀၂၀ တွင် ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်း ၂၀ နှင့် ရေလမ်းကောင်းမွန်ရေး ၄ ခု ဖြစ်ကြောင်းသိရသည်။
“ကမ်းပြိုကာကွယ်ရေးကို တိုင်းအစိုးရ ရန်ပုံငွေ၊ ရေလမ်းကောင်းမွန်ရေး လုပ်ငန်းမှာ သောင်တူးနဲ့ ရေလွဲ ရေကာရိုက်တာတွေကို ပြည်ထောင်စုဘတ်ဂျက်နဲ့ ဆောင်ရွက်တယ်။ တိုက်ရိုက်ကာကွယ်ရေးက ကျောက်စီနံရံ တည်ဆောက်တာ၊ မျောကွန်ကရစ်တန်း ဆောက်တာစတဲ့ နည်းလမ်းတွေနဲ့ သွယ်ဝိုက်ကမ်းပြိုကာကွယ်ရေးက ရေနက်ကြောင်းရဖို့ ဖေါ်သောင်တူးခြင်း၊ သောင်မွေးခြင်းနဲ့ ရေလွဲရေကာ လုပ်ပေးခြင်းတွေပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


