နမ့်စန်(တ)    ၁၈   ဇွန်

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေး ပင်စင်ထောက်ပံ့ကြေးနှင့် ကိုဗစ်−၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလ အတွက်ထပ်ဆောင်း ထောက်ပံ့ငွေများကို နမ့်စန်မြို့ပေါ် ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၁၀)ဦး တို့အား ဇွန်လ ၁၈ ရက် နံနက် ၉နာရီက  ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေ တတိယသုံးလပတ်(ဧပြီ၊မေ၊ဇွန်)အတွက် ၃၀၀၀၀ ကျပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀၊ စုစုပေါင်း ငွေကျပ် ၆၀၀၀၀ ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နမ့်စန်မြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၄) နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွား (၁၀)ဦး တို့အား လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နမ့်စန်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၉၄) ဦးရှိပြီး ကျန်ရှိသော ရပ်ကွက်နှင့် ကျေးရွာများရှိ ဘိုးဘွားများကိုလည်း ထောက်ပံ့ကြေးများလက်ဝယ်အရောက် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှသိရသည်။

 

သူရအောင်(ပြန်/ဆက်)