နေပြည်တော် ၁၈  ဇွန်

 

 (၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ဖိလစ်ပိုင်နိုင်ငံမှ ဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံနှင့် ဘရူနိုင်း နိုင်ငံတို့မှ ပူးတွဲ ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

mdn

 

ယခုအစည်းအဝေးသည် (၅၁) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေး ၏ ရလဒ်များအ‌ပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ အာဆီယံခရီးသွားလုပ်ငန်း ဆိုင်ရာ Digital Platform အဆင့်မြှင့်တင်ရေး ဆန်းစစ်လေ့လာမှုများ၊ အာဆီယံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင် ရေးမဟာဗျူဟာ ၂၀၂၁-၂၀၂၅ (ASEAN Tourism Marketing Strategy 2021-2025) (မူကြမ်း) ရေးဆွဲပြုစုမှုများ၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်နှင့် ပူးတွဲ ကျင်းပသည့် ခရီးသွားပြပွဲ (Travex) ကို ပူးပေါင်းကျင်းပရေးအတွက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့နှင့် အာဆီယံ ခရီးသွား လုပ်ငန်းအဖွဲ့ (ASEAN Tourism Association- ASEANTA) တို့ အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးရေးနှင့် အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကိစ္စရပ်များကို အကြံပြု ဆွေးနွေး နိုင်ရန် ကျင်းပခြင်းဖြစ်သည်။

 

အဆိုပါ အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာနမှ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များက ကိုဗစ်-၁၉  အလွန်ကာလတွင် အာဆီယံဒေသသို့ လာရောက်လည်ပတ်ရန် အလားအလာရှိသည့် နိုင်ငံ (၄) နိုင်ငံဖြစ်သည့် အိန္ဒိယ၊ အမေရိကန်၊ ယူကေနှင့် သြစတြေးလျနိုင်ငံများ၏ ဈေးကွက် အခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ အာဆီယံ ဒေသ၏ ခရီးသွားလုပ်ငန်း‌ဈေးကွက်မြှင့်တင် နိုင်ရေးအတွက် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ Website နှင့် လူမှုကွန်ယက်မီဒီယာများတွင် လွှင့်တင်ကြော်ငြာခြင်း၊ ခရီးသွားများအား Campaign များ ပြုလုပ်၍ ဆွဲဆောင်ခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် ကိုဗစ်-၁၉  အခြေအနေများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံခရီးသွား လုပ်ငန်း ဖိုရမ်- ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပရေး၊အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) ၏ ကာလလယ် ပြန်လည်လေ့လာသုံးသပ်ရန် ပြင်ဆင်ဆောင်ရွက်ရေးကိစ္စရပ်များ ကို လည်း အတည်ပြု ဆွေးနွေးခဲ့ကြသည်။

 

(၁၀) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေး ကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)