ဒိုက်ဦး   ၁၈   ဇွန်

 

ဒိုက်ဦးမြို့နယ် ဘိုင်းဒါးဆည်ရေသောက်စနစ်တွင် ပူးပေါင်းဆည်မြောင်းစီမံခန့်ခွဲမှု လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းကို ဇွန်လ ဒုတိယပတ်က ဒိုက်ဦးမြို့နယ်အတွင်းရှိ ဗျက်ကြီးကျေးရွာနှင့် အင်းသဇင်ကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံများ၌ ပြုလုပ်ခဲ့သည်။

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ ဆည်​မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလတ်နှင့် တာဝန်ရှိသူများက ရေအသုံးချသူများအဖွဲ့ဖွဲ့စည်းရသည့် အကြောင်းအရင်း၊ ရည်ရွယ်ချက်၊ ရေအသုံးချသူများအဖွဲ့၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များ၊ အကျိုးကျေးဇူးများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်းမှုအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘိုင်းဒါးရေလှောင်တမံ၏ ဆည်ရေသောက်ရေပေးမြောင်းအလိုက် တောင်သူများပါဝင်သော ရေအသုံးချသူများအဖွဲ့ ၂၈ ဖွဲ့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။

 

ဘိုင်းဒါးဆည်​တွင် ယခင်က ရေအသုံးချသူများအဖွဲ့ ၃၀ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရပြီး မြောင်းအလိုက် ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဆည်​မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

ပိန်းဇလုပ်သိန်းညွန့်