ရန်ကုန် ၁၈ ဇွန်
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထား ကိုးကွယ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ခြင်း၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ပရိယတ္တိစာအောင် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းနှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများအတွက် အလှူတော်ငွေကျပ်သိန်း ၃၄၅၀ ၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းအတွက် အလှူတော်ငွေကျပ်သိန်း ၈၅၀ ၊ ပရိယတ္တိ စာအောင် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းအတွက် အလှူတော်ငွေကျပ် ၅၇၅ သိန်း၊ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် အလှူတော်ငွေကျပ်သိန်း ၅၅၀ စုစုပေါင်း အလှူတော်ငွေကျပ် ၅၄၂၅ သိန်းတို့ကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


