ချင်းပြည်နယ် ၁၈ ဇွန်

 

ချင်းပြည်နယ် မြေပြိုမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးလမ်းပြမြေပုံအား သြဂုတ်လအတွင်း ရေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

 

ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသမှာ မည်ကဲ့သို့ ဘေးအန္တရာယ် ကျရောက်နိုင်သည့် ဇုန်ဖြစ်သည်ကို သိရှိရန် လိုအပ်ကြောင်း၊ ချင်းပြည်နယ် မြေပြိုမှုဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လမ်းပြမြေပုံရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတကာအဖွဲ့အစည်းများ မြေပြိုမှုဖြစ်ပွားခဲ့သည့်ဒေသမှ ပြည်သူများကို ဖိတ်ကြားကာ မြေပြိုမှုဖြစ်ပွားရခြင်းအကြောင်းရင်းများကို လေ့လာဖော်ထုတ်သည့် အလုပ်ရုံ ဆွေးနွေးပွဲအား ဩဂုတ်လအတွင်း ကျင်းပရန် ရည်ရွယ်ခြင်းဖြစ်ကာ ယင်းဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို အဆင့်ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းသိန်း၏ပြောကြားချက်အရ သိရှိရပါသည်။

 

ချင်းပြည်နယ်အတွင်း ၂၀၁၈ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ခုနှစ် အောက်တိုဘာလအတွင်း မြေပြိုမှု(၁၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၂၀ဇွန်လ အထိ မြေပြိုမှု ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိကြောင်း မြေပြိုမှုဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလမ်းပြ မြေပုံ ရေးဆွဲပြီးပါက ချင်းပြည်နယ်အတွင်းမြေပြိုမှု ဘေးအန္တရာယ်များ သိသိသာသာ လျော့နည်းလာမှာ ဖြစ်ကြောင်း သိရှိရပါသည်။

 

#ဖလမ်းသတင်းဌာနခွဲ

# MRTV