ကျောက်ပန်းတောင်း ၁၈ ဇွန်

 

မန္တလေးတိုင်ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်မြို့ပေါ်ရှိ Quarantine Centre များတွင် ခေတ္တနေထိုင်နေကြသည့် အသက်(၆၀)နှစ်နှင့် အထက် ဘိုးဘွားများ၊ အသက်(၅) နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ယနေ့ မွန်းလွဲ ၃ နာရီက ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်မြို့နယ် ကြံစို့ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများရှိ စောင့်ကြည့်စခန်းများတွင် ခေတ္တနေထိုင်နေကြသည့် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွား(၄)ဦး၊ သီးပင်ကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင် (မွေးဖွားပြီး) (၁)ဦးနှင့် ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း စောင့်ကြည့်စခန်းမှ အသက်(၅)နှစ်အောက် ကလေးငယ်(၅)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၃၀ဝ၀ဝ စီကို ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း၊ အသက်(၅)နှစ်အောက် ကလေးငယ်(၅)ဦးတို့အတွက် ထောက်ပံ့ငွေများကို ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က လည်းကောင်း သွားရောက်ပေးအပ်ခဲ့ရာ စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး သက်ဆိုင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)