၁၈ ဇွန်
ရထားစီးနင်းသည့် ခရီးသည်များ Social distancing ရရှိရေးအတွက် လက်မှတ်တစ်စောင်လျှင် ထိုင်ခုံ(၂)နေရာ စီစဉ်ပေးထားကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်မှတ်တစ်စောင်လျှင် ထိုင်ခုံနှစ်နေရာ စီစဉ်ပေးသော်လည်း ရထားလက်မှတ်ခမှာ တစ်ဦးအတွက်သာ ယူသည့်အတွက် ခရီးသည်များအတွက် ကုန်ကျစရိတ် အလွန်သက်သာကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမှာ Covid-19 ရောဂါကာကွယ်တားဆီးရေးတွင် အဓိကကျသော Social distancing ရရှိရန်ဖြစ်ပြီး ထိုင်ခုံမဲ့လက်မှတ်များ လုံးဝ(လုံးဝ) ရောင်းချခြင်းမပြုဘဲ ရထားပေါ်တွင် လက်မှတ်မဲ့ခရီးသည်များ မပါရှိရေးအတွက်လည်း မြန်မာ့မီးရထား၊ တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အချို့နိုင်ငံများတွင် စာသင်ကျောင်းများ ပြန်ဖွင့်ပေးခြင်း အပါအဝင် ဖြေလျှော့မှုများပြုလုပ်ပေးချိန်၌ မလိုက်နာမှုများကြောင့် ရောဂါပြန့်ပွားမှုနှုန်း ပြန်လည်မြှင့်တက်ခဲ့ပြီး ထိန်းချုပ်ရန်ခက်ခဲမှုများရှိခဲ့ရာ မိမိတို့နိုင်ငံအနေဖြင့်လည်း ပိုမိုလိုက်နာရန် လိုအပ်သဖြင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့မီးရထားအနေဖြင့် ဝင်ငွေရရှိရေးအတွက် ဆောင်ရွက်လိုသော်လည်း ပြည်သူများ၏ ကျန်းမာရေးကို ပို၍အလေးထားကြောင်း၊ ရထားစီးခရီးသည်များအနေဖြင့်လည်း ရထားလက်မှတ်မရရှိပါက နောက်ရက်သို့ ရက်ရွှေ့လိုက်ပါကြရန်နှင့် မလိုအပ်ပါက ခရီးမသွားကြရန် မြန်မာ့မီးရထား၊ တာဝန်ရှိသူများမှ မေတ္တာရပ်ခံထားသည်။
ထို့ပြင် ရထားစီးခရီးသည်များ Mask တပ်ပြီးမှသာ ရထားစီးကြရန်နှင့် Mask တပ်ဆင်မှုရှိမရှိစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ လက်ဆေးကန်များ၌ ခရီးသည်များ လက်ဆေးနိုင်ရေးအတွက် စီစဉ်ပေးခြင်းတို့ကို ရထားဘူတာရုံများအသီးသီး၌ ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် Covid-19 ကပ်ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်စေရေးအတွက် ရည်ရွယ်၍ ပြီးခဲ့သည့်လ ဧပြီ ၁၀ ရက်မှစ၍ အဓိကကျသည့် လမ်းပိုင်းကြီး(၆)ခုတွင်သာ အစုန်အဆန် ရထားတစ်စီးစီ ပြေးဆွဲပေးခဲ့ပြီး ကျန်လမ်းပိုင်းအသီးသီးတွင် ပြေးဆွဲနေသော လူစီးရထားများကို ယာယီရပ်နားထားခဲ့သည်။
သို့သော် ယခုအခါတွင် မဖြစ်မနေခရီးသွားလာရသည့် ခရီးသည်များမှာ ယခင်ထက် ပိုမိုများပြားလာသဖြင့် Covid-19 ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်တားဆီးနိုင်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ မြန်မာ့မီးရထားအနေဖြင့် ဇွန် ၁၆ ရက်မှစ၍ ခရီးသည်များ တစ်ဦးနှင့်တစ်ဦး Social distancing ရရှိရေးအတွက် ရထားပြေးဆွဲလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရီးသွားလာမှု ပိုမိုများပြားလာသည့် ရန်ကုန်မှ မန္တလေး၊ ရန်ကုန်မှ ပြည်၊ ရန်ကုန်မှ မော်လမြိုင်နှင့် မန္တလေးမှ မြစ်ကြီးနား ခရီးစဉ်များအတွက် ဇွန် ၁၆ ရက်မှစ၍ အမြန်ရထားတစ်စီးစီ အစုန်အဆန် တိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။
လက်ရှိ ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ် ၆၃ အဆန်၊ ၆၄ အစုန်ရထားနှင့် ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ် ၃ အဆန်၊ ၄ အစုန်ရထားတို့တွင် ခရီးသည်များပြား၍ ထိုင်ခုံမရရှိသောကြောင့် မလိုက်နိုင်သည့် ခရီးသည်အချို့ရှိသဖြင့် နောက်ရက်များတွင် ဦးစားပေး စီစဉ်ပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ငြိမ်းငြိမ်း


