၁၈ ဇွန်

 

မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်အစားထိုးယာဉ်မောင်းခွင့် မူဝါဒကြောင့် ယာဉ်ကြောများပိတ်ဆို့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့် မူလအတိုင်း မြန်မာယာဉ်မောင်းများဖြင့်သာ ပေးဝင်ရန် မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်သည်။

 

တရုတ်နိုင်ငံအနေဖြင့် COVID-19 အဆုတ်ရောင်ရောဂါကို မပျံ့နှံ့စေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးကို တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး ဧပြီလအတွင်းမှစ၍ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ရာတွင် သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့် မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ကားကြီးများ ရက်ရှည်တန်းစီ စောင့်ဆိုင်းနေရပြီး ယာဉ်ကြောပိတ်ဆို့လျက်ရှိသည်။

 

"အစားထိုးယာဉ်မောင်းစနစ် စပြီးနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုက ပိုဆိုးလာတယ်၊ အခုဆိုရင် တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်၊ ပထမစဖြစ်စတုန်းက ဗမာပြည်ဘက်ခြမ်းမှာရင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်တာ၊ အခုလက်ရှိ အခြေအနေမှာတော့ တရုတ်ပြည်နယ်စပ် ကျယ်ဂေါင်ထဲမှာကို ယာဉ်ကြောပိတ်ဆို့မှုက ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်"ဟု မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။

 

သို့ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှု အဆင်ပြေစေရန် ကုန်ကားများကို မူလအတိုင်း မြန်မာယာဉ်မောင်းများဖြင့်သာ ပေးဝင်ရန်၊ နှစ်နိုင်ငံဝင်ပေါက်များကို ချဲ့ရန်၊ တရုတ်နိုင်ငံဘက်ခြမ်းရှိ လုပ်ဆောင်ရသော စစ်ဆေးမှုများကို အချိန်လျှော့ချပေးရန်နှင့် မြန်မာဘက်ရှိ သက်ဆိုင်ရာဌာနများ၏ လုပ်ဆောင်မှုများ မြန်ဆန်စေရေး မလိုအပ်သည်များကို လျှော့ချစီစဉ်ပေးရန် လိုအပ်ကြောင်း ဦးဝင်းအောင်ခန့်က ဆက်ပြောသည်။

 

"ကျွန်တော်တို့ ကုန်တင်ကားတွေကို ကျွန်တော်တို့ ယာဉ်မောင်းနဲ့ ပေးဝင်ဖို့လိုတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်တို့ ကုန်တင်ကားတွေကို ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့ ပေးဝင်မယ်ဆိုရင် ကျွန်တော်တို့ အစားထိုးယာဉ်မောင်းနဲ့ အချိန်စောင့်ဆိုင်းရတာတို့ ပြီးတော့ အခု ဘယ်လိုဖြစ်လည်းဆိုရင် ကျယ်ဂေါင်ထဲမှာဆိုရင် ရှန်တိန်သမား အစားထိုးယာဉ်မောင်းတစ်ယောက်ဟာ ကား လေးငါးဆယ်စီးကို တစ်ယောက်ထဲ ပတ်မောင်းပြီး တန်းစီနေတာ၊ အဲလိုဆိုတော့ ကျွန်တော်တို့ ကုန်တင်ကားတွေကို ကျွန်တော်တို့ ယာဉ်မောင်းတွေနဲ့အတူ ပေးဝင်ဖို့လိုအပ်တယ်"ဟု ၎င်းက ဆက်ပြောသည်။

 

ယခင်က တစ်ရက်လျှင် မူဆယ်မှ တရုတ်ပြည် ကျယ်ဂေါင်သို့ ကားကြီးအစီးရေ ၂၅၀ ခန့် ဝင်နေသော်လည်း ယခုအခါ ယာဉ်ကြောကြပ်တည်းမှုကြောင့် ကားကြီးအစီးရေ ၁၅၀ ဝန်းကျင်သာ ဝင်ရောက်လျက်ရှိကြောင်း၊ ထို့ပြင် ယခင် မူဆယ်မန့်ဝိန်းမှ တရုတ်ပြည် ကျယ်ဂေါင်သို့ ဝင်ရောက်ရာတွင် ၃/၄ ရက် ဝန်းကျင်သာ ကြာသော်လည်း ယခုအခါ ၁၀ ရက်မှ ၁၂ ရက်ကြား ကြာမြင့်ကြောင်း၊ ယခင်က ကျယ်ဂေါင်မှ မူဆယ်အပြန်တွင် တစ်ရက်သာကြာသော်လည်း ယခုအခါ ၇/၈ ရက်ခန့်ကြာကြောင်း မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

ထိုသို့ တရုတ်အစားထိုးယာဉ်မောင်းခွင့် မူဝါဒကြောင့် ယာဉ်ကြောများပိတ်ဆို့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုများကြောင့် မလိုလားအပ်သည့် အချိန်များ ဆုံးရှုံးခဲ့သည့်အတွက် တရုတ်ပြည်ကျယ်ဂေါင်မှ ဗမာပြည် မူဆယ်အဆင်း ကုန်ကားခ ဈေးအဆမတန်မြှင့်တက်ပြီး တရုတ်ပြည်မှ မြန်မာပြည်ရှိ လယ်ယာထွက်ကုန် ကုန်ပစ္စည်းအမှာမှာလည်း လျော့သွားကြောင်း ဦးဝင်းအောင်ခန့်က ရှင်းပြသည်။

 

သို့ဖြစ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ အစိုးရများအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိထိမိမိ ဆွေးနွေးစေချင်ကြောင်း မူဆယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၈ ရက်ကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ငြိမ်းငြိမ်း