ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ကို ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ ဥပဒေအသစ် ပေါ်လာသောကြောင့် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မော်တော်ယာဉ် ဥပဒေမှာ နိဋ္ဌိတံသွားသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွင် စည်းကမ်းချက်အသစ်များ ထပ်မံထည့်သွင်းထားခြင်းနှင့် အတူ ဒဏ်ကြေးများကိုလည်း တိုးမြှင့်ထားသည်ကို တွေ့ရသည်။ ယခုနှစ်သည် National Road Safety Action Plan (၂၀၁၄-၂၀၂၀) အရ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုကို ထက်ဝက်လျှော့ချ နိုင်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစီမံချက်၏ နောက်ဆုံး နှစ်ဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုကိုထက်ဝက်လျှော့ချနိုင်ရေးဟုဆိုရာတွင် ၂၀၁၃ ခုနှစ်ကို အခြေခံထားပြီး ယင်းနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူ ဦးရေ ၃၇၀၀ ကျော်၏ ထက်ဝက်သို့ လျှော့ချရန် ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့ရာ တွင် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုဦးရေမှာ လျော့ကျမသွားဘဲ တိုးလာခဲ့ရာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် လူတစ်သိန်းလျှင် ၂ဝ ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးနေရကြောင်း သိရသည်။

ယာဉ်တိုက်မှုများ၏ ထက်ဝက်ခန့်မှာ ဆိုင်ကယ်များနှင့် ပတ်သက်နေပြီး လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး မှတ်ပုံတင် ဆိုင်ကယ်စီးရေ ခြောက်သန်းခန့်ရှိနေရာ မှတ်ပုံမတင်(လိုင်စင်မဲ့) ဆိုင်ကယ်များအပါအဝင် ဆိုင်ကယ်စီးသူဦးရေ မြောက်မြားစွာ ရှိနေခြင်းနှင့်အတူ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်။ မလိုက်နာ၊ အကာအကွယ်ဦးထုပ်လည်း မဆောင်း၊ မီး၊ မှန် မပြည့်စုံနှင့် စည်းကမ်းမဲ့ မောင်းနှင်နေမှုများကို ထိထိရောက်ရောက် အရေးယူ ခြင်းဖြင့် ယာဉ်တိုက်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်ရာခိုင်နှုန်း တော်တော် များများ လျော့ကျသွားမည်ဖြစ်သည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရဆိုင်ကယ်နောက်ကြည့်မှန် နှင့် အိတ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ကို နေ့ညအချိန်တိုင်း ဖွင့်၍ မောင်းနှင်ရန်၊ ကိုယ်တိုင်ဖြစ်စေ၊ လိုက်ပါစီးနင်းသူကိုဖြစ်စေ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆိုင်ကယ်စီး ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ ဆိုင်ကယ်ကို မောင်းနှင်ခြင်းမပြုရန် တားမြစ်ထားပြီး ဖောက်ဖျက် ကျူးလွန်ပါက ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ် ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်သည်နှင့် အမျှ မော်တော်ဆိုင်ကယ်ကို အကြောင်းပြု၍ ဖြစ်ပွားသည့် ယာဉ်တိုက်မှုများနှင့်လူသေဆုံးမှုများလျော့ပါးသွားမည်ဟု ယုံကြည်မိသည်။

ထို့အပြင် ယာဉ်မောင်းလိုင်စင်မရှိဘဲမော်တော်ယာဉ်မောင်းနှင် ခြင်း၊ အခြားသူ၏မော်တော်ယာဉ်လိုင်စင်ကို အသုံးပြု၍ မော်တော် ယာဉ်ကို မောင်းနှင်ခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းခြင်း၊ လျှော့မောင်းခြင်း၊ မော်တော်ယာဉ်ကိုဘေးအန္တရာယ်ဖြစ်စေနိုင်သည် အထိ မဆင်မခြင်၊ အရှိန် ပြင်းစွာ၊ ပေါ့လျော့စွာမောင်းနှင်ခြင်းတို့ကဲ့သို့သော ပြစ်မှုများအတွက် တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ | ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး တစ်နှစ်အတွင်း ထပ်မံကျူးလွန်မိပါက ထို့ထက်သုံးဆပိုသော ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ရာ မော်တော် ယာဉ်မောင်းနှင်သူတိုင်း အထူးဂရုပြုကြရန် တိုက်တွန်းလိုသည်။

မြန်မာနိုင်ငံသည် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုနှုန်း တွင် အရှေ့တောင်အာရှနိုင်ငံများအနက် ဒုတိယနေရာတွင်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ဖော်ပြခဲ့သည်။ ယင်းနောက်တွင်လည်း ကိန်းဂဏန်းများလျော့ကျ သွားခြင်းမရှိဘဲတက်မြဲတက်ခဲ့ရာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ချိုးဖောက်ခဲ့ခြင်း၏ ရလဒ် ပင်ဖြစ်သည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံ ခန့်ခွဲမှုဥပဒေအသစ်နှင့်အတူ ဥပဒေပါပြဋ္ဌာန်းချက်များ ရှင်သန် စိုးမိုးရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် အနိဋ္ဌာရုံတို့လျော့ပါးလာမည် ဖြစ်ပါကြောင်း။ ။

mna