ကောင်းမြတ်နွယ် (စင်ကာပူ)

၁၈-၆-၂၀၂၀ ရက်နေ့ စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာမှာ “သတင်းစာကိုယ်စားလှယ်ကို အိမ်မှာနေဖို့ သတိပေးချက်ကို မလိုက်နာလို့ နှစ်ပတ်ထောင်ချ” ဆိုတဲ့ သတင်းပါလာပါတယ်။
စင်ကာပူ ပုံနှိပ်ထုတ်ဝေရေး ဦးပိုင် (Singapore Press Holding) မှာ မှတ်ပုံတင် ထားတဲ့ သတင်းစာကိုယ်စားလှယ် ပလာနီ ဘီလူး ရာမာစာမီ ဟာ မတ်လ ၂၁ ရက်နေ့ က အိန္ဒိယနိုင်ငံကနေ စင်ကာပူကို ပြန်လာခဲ့ပါတယ်။ အိန္ဒိယမှာ တစ်လကြာနေထိုင်ခဲ့ တယ်။


သူစင်ကာပူပြန်ရောက်တော့ လေဆိပ် ကနေ ဧပြီလ ၄ ရက်နေ့အထိ အိမ်မှာပဲနေဖို့ သတိပေးချက် (HSN- Home Stay Notice) ပေးပါတယ်။ သူဟာ အသက် ၄၈ နှစ်ရှိတဲ့ စင်ကာပူလူမျိုးပါ။ သတင်းစာကိုယ်စားလှယ် ဆိုတော့ စင်ကာပူနိုင်ငံရဲ့ ဥပဒေကိုနားလည် ပါတယ်။


မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှာ သူ့ရဲ့အလုပ်သမားနှစ်ယောက်က သူတို့ တာဝန်ကျတဲ့ သော်မဆင်လမ်း ဂိုးဟေး ပလာဇာကို သတင်းစာမဝေနိုင်တဲ့အကြောင်း ဖုန်းဆက်ခဲ့တယ်။


သူက သတင်းစာဖတ်သူတွေ မဖတ်ရမှာ စိတ်အနှောင့်အယှက်ဖြစ်မှာ မလိုလား တဲ့အတွက် သူကိုယ်တိုင် သတင်းစာသွားပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မက်စ်တပ်ပြီး သူနေရာ တောင်းနားလမ်း အိမ်ကနေ ဂိုးဟေးပလာဇာကို ဘတ်စ်ကားစီးသွားတယ်။ အဲဒီကိုရောက်တော့ လုံခြုံရေးရုံးခန်း နားမှာ ချထားတဲ့သတင်းစာထုပ်ကို ဖြည်ပြီး ဝေပါတယ်။ အထပ်ပေါင်း ရှစ်ထပ်ရှိတဲ့ အဆောက်အအုံ အခန်း ၁၄ ခန်းကို သတင်းစာ ပို့ပြီး ဘတ်စ်ကားစီးပြန်လာခဲ့ပါတယ်။


အိမ်ရောက်တော့ သူ့သမီးက “အဖေ မရှိတုန်း အရံရဲ (auxiliary police) တွေ လာစစ် သွားတယ်” လို့ ပြောပါတယ်။
တရားရုံးရဲ့ ရဲထွက်ချက်မှာ ပလာနီဘီလူး ဟာ အိမ်ကနေ ၂ နာရီနဲ့ ၁၅ မိနစ်ကြာ ထွက်ခွာသွားခဲ့ကြောင်း တင်သွင်းပါတယ်။ ရဲ စီစီတီဗွီတွေ ဓာတ်လှေကား အဆင်းအတက်မှာ ရှိတယ်။ အရံရဲက အိမ်နေဖို့ သတိပေးချက် ရထားတဲ့ အိမ်တွေ စောင့်ကြည့်တီဗွီလာ တပ်တာ၊ လျှပ်တစ်ပြက် လာစစ်တာတွေ တကယ်ရှိတာပါ။
လုပ်အားပေးတွေက သား၊ ငါး၊ ဟင်းရွက် ဈေးထဲမှာ လျှောက်သွားနေပြီး ဆိုင်ရှင်များ မက်စ်မတပ်တာ၊ ဝယ်သူများ သတ်မှတ်ထားတဲ့ အကွာအဝေးထက် ပိုနီးတာကို သတိပေးခြင်း၊ မလိုက်နာရင် ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်ပါ တယ်။ လုပ်အားပေးများက လည်ဆွဲအနီနဲ့ နှစ်ယောက်တစ်တွဲ လိုက်စစ်ကြရပါတယ်။ တချို့လူတွေရဲ့ မဖွယ်မရာ ဆဲဆိုပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားဖို့ ကြံရွယ် ခြင်းများရှိသော်လည်း လက်နက်မကိုင်ရ တာကလွဲလို့ လုပ်ပိုင်ခွင့်အပြည့်ပေးထားပါတယ်။

ဈေးဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ကုန်တိုက်များကို ဝင်တဲ့အခါ မိမိမိုဘိုင်းဖုန်း QR Code နဲ့ check in / check out အဝင် အထွက်မှတ်တမ်းလုပ်ရပါတယ်။ လူနာမည် လိပ်စာ မှတ်ပုံတင်နံပါတ်နဲ့ ဝင်ချိန်၊ ထွက်ချိန်များ မှတ်တမ်းတင်ပြီးဖြစ်လို့ ရောဂါနှင့် ပတ်သက်လာရင် နောက်က အလွယ်တကူ လိုက်နိုင်ဖို့ဖြစ်ပါတယ်။

ပလာနီဘီလူးရဲ့ ရှေ့နေများက “ကျွန်ုပ် တို့ရဲ့ အမှုသည်ဟာ အလုပ်သမားတွေ မလာ နိုင်လို့ ကိုယ်တိုင်သွားပို့ရတာပါ။ သူ့လက်ရှိ အခြေအနေကို သတိမမူမိဘဲ သတင်းစာဖတ်သူ တွေရဲ့ စွဲမြဲစွာ သူ့ကိုအားပေးခဲ့တာတွေ တွက်ဆပြီး အလုပ်ကို အာရုံနှစ်မှားယွင်းခဲ့ ကြောင်း” လျှောက်လဲသော်လည်း၊ လက်ထောက်ပြည်သူ့အကျိုးတော်ဆောင်က “အလုပ်သမား နှစ်ယောက်အနက်က တစ်ယောက်ယောက်ကို ပို့ခိုင်းရမယ်။ သတင်းစာမှာတဲ့ အိမ်တွေကို အခက်အခဲ ကြောင့် မပို့နိုင်ရင် ကိုယ်တိုင်လာယူဖို့ စီစဉ် ရမယ်”လို့ပြောပါတယ်။


ရှေ့နေများက “သူဟာ သူ့ရဲ့အသက် မွေးဝမ်းကျောင်းကို ကာကွယ်တဲ့အနေနဲ့ သော်လည်းကောင်း၊ အရေးပေါ်ဖြစ်လာတဲ့ လုပ်ငန်းကို အာရုံစိုက်ပြီး အိမ်ကထွက်မိ တာဖြစ်ကြောင်း” ကာကွယ်ခဲ့ပါတယ်။
အကြီးတန်းခရိုင်တရားသူကြီးက “ဒါကအရေးပေါ်ကိစ္စလို့ ယူဆလို့မရ၊ တာဝန် ဝတ္တရား၊ ဆင်ခြင်တုံတရားကို အထားမှား သွားပြီ”ဟု အပြစ်တင်ခဲ့ပါတယ်။

 

စင်ကာပူပုံနှိပ်ထုတ်ဝေရေးဦးပိုင် SPH ကိုလည်း ကူညီဖို့အကြောင်းကြားပေးပါတယ်။ ပုံနှိပ်ထုတ်ဝေရေး ဦးပိုင်က သူတို့ မိသားစုကို လိုအပ်တဲ့အကူအညီများ ပေးမည့်အကြောင်း ပြန်ကြားပါတယ်။ သတင်းစာဖြန့်ချိသူ ကွန်ရက်ကိုလည်း စီးဆင်းလည်ပတ်မှုဖြတ်တောက်တိုင်းတာမှု (Circuit breaker Measures) ကို အမြဲ မပြတ် သတိပေးနေပါမယ်။ သတင်းစာ ဖတ်သူများကို ဖြန့်ဝေမှု နောက်ကျနိုင်သော် လည်း လက်ရှိဖြစ်ပေါ်နေသော စည်းကမ်း ချက်များကို လိုက်နာဖို့ ထုတ်ပြန်မယ်ဆိုပါ တယ်။ ပလာနီဘီလူးရာမာစီမာကို ထောင်ဒဏ် နှစ်ပတ်ချမှတ်လိုက်ပြီး ဇူလိုင် လ ၁ ရက်နေ့မှ စတင်ကျခံရပါလိမ့်မယ်။ ပြစ်မှုက ထောင်ဒဏ်ခြောက်လနဲ့ ဒဏ်ငွေ တစ်သောင်းအထိ ကျခံရဖွယ်ရှိတဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။ ။