မကွေး ၁၉ ဇွန်

 

မကွေးတိုင်းဒေသကြီး အပါအဝင် မြန်မာပြည်တစ်နံတစ်လျား၌ သစ်ပင်စိုက်ပွဲတော်များကို ပြုလုပ်ခဲ့သော်လည်း ပြန်လည်ထူထောင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ၌ အားနည်း နေကြောင်း Green Network တည်ထောင်သူ ကိုအိုလာထံမှ သိရသည်။

 

 “တစ်နိုင်ငံလုံး သန်းနဲ့ချီစိုက်ပျိုးနေတဲ့ သစ်ပင်တွေဟာ စိုက်ပျိုးတဲ့ ကိန်းဂဏန်းအချက်အလက်သာရှိပြီး ဘယ်လောက်ထိ ရှင်သန်တယ်ဆိုတဲ့ အချက်အလက်ကတော့ မတွေ့ရပါဘူး။ ပြန်လည်ထူထောင်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက် ရေးကဏ္ဍ၌ အားနည်းတာ တွေ့ရပါတယ် ” ဟု ကိုအိုလာ က ပြောသည်။

 

သစ်ပင်စိုက်လုပ်ငန်းအတွက် ငွေကိုသုံးစွဲရာတွင် ငွေကြေး၏ သုံးပုံတစ်ပုံကို သစ်ပင်စိုက်ခြင်း ၊ ကျန်နှစ်ပုံ ကို သစ်ပင်ရှင်သန်ကြီးထွားအောင် ပြုစုပေးမည့် ကုန်ကျစရိတ်အတွက် အသုံးပြုမည်ဆိုလျင် ထိရောက်နိုင်မည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။

 

မကွေးတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ အပူပြင်းဆုံး ဒေသကြီးတစ်ခုဖြစ်ပြီး ရိုးမ(၂)ခု ကာရံ ထားသော်လည်း သစ်တောပြုန်းတီးမှုကြောင့် အပူချိန်ပို၍ မြင့်တက်လာသည့်အတွက် (၄)နှစ်အတွင်း သစ်ပင် (၆)သိန်းခန့်စိုက်ပျိုးခဲ့ကြောင်း တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မှ သိရသည်။

 

 “ စိုက်တဲ့အဖွဲ့ကတစ်ဖွဲ့ ၊ ခုတ်တဲ့အဖွဲ့ကတစ်ဖွဲ့ ဆိုတာမျိုးတွေကလည်း ရှိနေတယ်။ တရားမဝင် သစ်တွေကလည်း ဒီနေ့ထိ ဖမ်းနေရတုန်းပဲ။ သစ်ပင်စိုက်တာကို နိုင်ငံရေး ရည်မှန်းချက် တစ်ခုလို သဘောထားပြီး လုပ်ဆောင်ဖို့ လိုနေပါပြီ ” ဟု မြန်မာနိုင်ငံ၏ အပူဆုံးဒေသနေ ချောက်မြို့ဒေသခံ တစ်ဦးကပြောသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် တစ်အိမ်ကိုဝန်ထမ်း(၂)ဦးစီစေလွှတ်ပြီး အိမ်ရှင်နှင့် အတူ သစ်ပင်စိုက်ပျိုးသည့်စနစ်ကို စတင်ရန်စီစဉ်နေကာ ဓာတ်ပုံမှတ်တမ်းယူ၍ တစ်ကမ္ဘာလုံး အတိုင်းအတာ Global Digital Campagun တွင် ပါဝင်မည်ဖြစ်ကြောင်း ၊  စိုက်ပျိုးပြီးသည့် သစ်ပင်များကို တစ်နှစ်တွင် သုံးကြိမ်စစ်ဆေးဖာထေးခဲ့ခြင်းကြောင့် ၉၇ ရာခိုင်နှုန်းထိ ရှင်သန်လျက် ရှိကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးထံမှ သိရသည်။

 

ဇေယျတု(မကွေး)