တပ်ကုန်း ၁၉ ဇွန်  

            

နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနက္က ပရိယတ္တိစာသင်တိုက်ရှိ ဗိမာန်တော်ကြီး၌ ဇွန် ၁၈ နံနက် ၁၀ နာရီက မြို့နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် လှူဒါန်းပွဲ ကျင်းပသည်။

 

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တပ်ကုန်းမြို့ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊အဘိဓဇမဟာ ရဌဂုရု၊ ဘဒ္ဒန္တအာစိန္တ  အမှူးပြုသော ဆရာတော်ကြီး ၅ပါး ကြွရောက်တော်မူကြပြီး နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဥတ္တရခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

mdn

 

ရှေးဦးစွာ ဥပ္ပတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊  တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ် တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုတော်မူကြပြီး နောက် လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဘိဓဇ မဟာရဌဂုရု၊ဘဒ္ဒန္တအာစိန္တထံမှ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း လှူဒါန်းခဲ့သည်။

 

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲ အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နေစဉ် ကာလအတွင်း နေပြည်တော် တပ်ကုန်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၆၉ ကျောင်း၊ သီလရှင်ကျောင်း ၅ ကျောင်း တို့တွင် သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ ၇၄၈ ပါးနှင့်သီလရှင် ၉၁ ပါးတို့အား ဆွမ်းဆန်တော် ၁၆၄ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်