ဖားကန့် ၁၉ ဇွန်
ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဝင် ဆိုင်းဘုတ်အနီး မြို့အမှတ်လက္ခဏာအဖြစ် ကျောက်စိမ်းရိုင်းအစစ် ထားရှိမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်လင်း ထံမှ သိရသည်။
"ကျောက်စိမ်းရိုင်း အလှူရှင်က ဆန်ခါကျေးရွာက ဦးသိန်းဌေးပါ၊ ကျောက်စိမ်းရိုင်းက တစ်တန်ကျော် လောက် ရှိပါတယ်၊ ကျောက်စိမ်းရိုင်းကို မြို့ဝင်ဆိုင်းဘုတ်နားမှာပဲ ကလပ်ခုံနဲ့ထားရှိဖို့ ပြင်ဆင်နေပါပြီ၊ ဒီကလပ်ခုံနဲ့ထားဖို့ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၈၀ ကိုလည်း အလှူရှင်တွေ စုပေါင်းလှူဒါန်း ထားပါတယ်"ဟု ဦးကျော်လင်းက ပြောသည်။
ကလပ်ခုံမှာ ခံနိုင်ဝန် ၅ တန်ရှိပြီး တည်ဆောက်ဆဲကာလ တစ်လခန့်ကြာမည်ဖြစ်ရာ အဆိုပါ တစ်လအတွင်း အခြား အလှူရှင်များမှ ငါးတန်ထက်မပိုသော ကျောက်စိမ်းရိုင်းကို လှူဒါန်းလို ပါကလည်း ရပ်မိ/ရပ်ဖများနှင့် ညှိနှိုင်းတိုင်ပင် လက်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
"အရင်က မြို့ဝင်ဆိုင်းဘုတ်နားမှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသနဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုပြီး သုံးတန်ကျော် လောက်ရှိတဲ့ ကျောက်စိမ်းရိုင်းထားခဲ့တယ်၊ ဒါပေမယ့် ကျောက်စိမ်းက ကျောက်မျိုးရော နေတာပေါ့၊ ကျောက်စိမ်းအစစ် သီးသန့်မဟုတ်ဘူး၊ ဒါ့အပြင် သင်္ဘောဆေးနဲ့ အစိမ်းပုံပေါက်အောင် သုတ်ထားတော့ အများက ဝေဖန်ကြတာပေါ့"ဟု ၎င်းက ဆက်ပြောသည်။
ယခုထားရှိရန် ကနဦးပြင်ဆင်ထားသည့် ကျောက်စိမ်းရိုင်းတုံးသည် တန်ကြေးငွေကျပ် ကျပ်သိန်း ၂၀ဝ ကျော် တန်ဖိုးရှိပြီး လုံခြုံရေးအရ CCTV ကင်မရာများလည်း ထားရှိတပ်ဆင်ထားရန် ပြင်ဆင်နေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


