မင်းဘူး ၁၉ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာနေ ပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၃၀ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။
“သစ်တောကြိုးဝိုင်းအနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ကျေးရွာနေပြည်သူများအတွက် ထင်းလောင်စာ တွေရယ်၊ လယ်ယာသုံး ကိရိယာအနေနဲ့ဆိုရင် တိုင်၊ မျော စတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ၁/၂၀၂၀ ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ ကို ဒီကြိုးပြင် ကာကွယ်တောထဲမှာ စိုက်ပေးတာပါ။ ဒီဒေသက အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ ဖြစ်တာကြောင့် ရာသီဉတု ဒဏ်ကိုခံနိုင်မယ့် လသားရင့်အပင်တွေကို ရွေးချယ်ပြီး စိုက်ပျိုးရခြင်း ဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင်က ပြောသည်။
ဒေသခံတောင်သူ ဦးမန်းတင် က “အခုလိုစိုက်ပျိုးပေးတော့ တောင်ယာဝင်ချိန်ဆိုရင် လယ်ယာသုံး ကိရိယာတွေနဲ့ ထင်းတွေကိုလည်း ဒီကျေးရွာထင်းစိုက်ခင်းထဲကပဲ ရရှိတာပါ၊ ကျွန်တော်တို့ ကျေးရွာ တွေက လျှပ်စစ်မီးမရရှိသေး တော့ ထင်းမီးကိုပဲ ဦးစားပေးသုံးစွဲနေရတာပါ” ဟု ပြောသည်။
အဆိုပါ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာထင်းစိုက်ခင်းအဖြစ် ယူကလစ် အပင်ပေါင်း ၃၆၃၀ဝ ကို သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


