ဟိုပုံး ၁၉ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူများအတွက် တိုက်ရိုက် အကျိုးဖြစ်စေရုံသာမက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သည့် သစ်ပင်စိုက်ပျိုးမှုသည် လူသားတို့ အသက်ရှင် ရပ်တည်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝအရင်းအမြစ်များ ရေရှည်ရရှိနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက ဟိုပုံးမြို့၊ တောင်ရပ်ကွက် နောင်ဘိုကန်၌ ပြုလုပ်သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က "သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေအရင်းအမြစ်များဖြစ်တဲ့ စိမ့်စမ်း၊ ရေထွက်၊ ရေကန်၊ ဆည်တမံများ ရေရှည်တည်တံ့ရေးအတွက် အထောက်အကူ ပြုပါတယ်။ မိမိတို့နေထိုင်တဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေတဲ့ အခြေအနေ ကောင်းများကို ထိန်းသိမ်းကြဖို့နဲ့ ကလေးသူငယ်များမှစပြီး လူငယ်၊ လူကြီးများအထိ လက်ဆင့်ကမ်း တာဝန်ယူ အမွေဆက်ခံသွားရမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက သပြေဘူတ၊ စိန်ပန်းနီနှင့် စိန်ပန်းပြာစသည့် ပျိုးပင်(၃)မျိုး အပင်ပေါင်း ၂၇၀ စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


