နေပြည်တော် ၁၉  ဇွန်

 

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများအတွက် မိုးစပါးချေးငွေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲအပြင် Special Covid-19 Relief Loan ချေးငွေမှ တစ်ဧကလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် ငွေကျပ်ဘီလီယံ ၆၀ဝ အား ဇွန် ၂၂ ရက်မှ စတင်ထုတ် ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၏ ပြောကြားချက်အရ သိရသည်။

 

 

“ဒီချေးငွေက ကိုဗစ်-၁၉ ကြောင့် လယ်ယာကဏ္ဍ ထိခိုက်မှုတွေအတွက် တောင်သူ လယ်သမားတွေကို ပံ့ပိုးကူညီဖို့၊ လယ်ယာကဏ္ဍ ထုတ်ကုန်ထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ ပြည်သူလူထုအတွင်း ငွေကြေးစီးဆင်း လည်ပတ်မှုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အခုလို ထပ်ဆောင်း ထုတ်ချေးတာ ဖြစ်ပါတယ်။ တစ်ဧကကို ငွေကျပ်ငါးသောင်းနှုန်းနဲ့ ချေးသွားမှာ ဖြစ်ပါတယ်။ အတိုးနှုန်းက လက်ရှိ စိုက်ပျိုးစရိတ် ချေးငွေအတိုးနှုန်းဖြစ်တဲ့ ၅ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်” ဟု ဦးမင်းသူက ပြောသည်။

 

 

ယင်းချေးငွေ  ငွေကျပ် ၆၀ဝ ဘီလီယံကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ  တောင်သူလယ်သမားများ၏ လယ်ယာဧက ၁၂ သန်းအတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

 

ယခု ထပ်ဆောင်းချေးငွေမှာ ယခင်ချေးငွေများကို သတ်မှတ်အချိန်အတွင်း အကျေဆပ်ပြီးသူများသာ အကျူံးဝင်ပြီး တောင်သူတစ်ဦးကို ဆယ်ဧကအထိ ချေးယူခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တောင်သူလယ်သမားများထံသို့ ဆောင်းချေးငွေ ငွေကျပ် ၃၆၂ ဘီလီယံ၊ မိုးကြိုချေးငွေ ၁၈ ဘီလီယံတို့ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကာ လက်ရှိတွင် မိုးချေးငွေ ငွေကျပ် ၁၄၇၁ ဘီလီယံကို ထုတ်ချေးပေးလျှက်ရှိပြီး ဆက်လက်၍ ကိုဗစ်ချေးငွေ ငွေကျပ် ၆၀ဝ ဘီလီယံတို့ကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါချေးငွေကို တောင်သူများ အနေဖြင့် ၁ နှစ် အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

 

 

“ဒီချေးငွေတွေအပြင် JICA ချေးငွေ အနေနဲ့ တောင်သူတစ်ယောက်ကို သိန်း ၅၀ဝ အထိ ချေးပေးနေတဲ့ ချေးငွေလည်း ရှိပါတယ်။ အဲဒီချေးငွေတွေက တောင်သူလယ်သမား တွေအတွက် လယ်ယာသုံး စက်ပစ္စည်းတွေ ဝယ်ဖို့ဆိုပြီး ချေးပေးနေပါတယ်။ လယ်သမားတွေကို ချေးပေးနေတာ ငွေကျပ်ဘီလီယံ ၂၀ဝ ရှိနေပါပြီ။ တောင်သူ ၅၀ဝ၀ ကို ချေးပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒီဘီလီယံ ၂၀ဝ ကို နှစ်ပေါင်း ၄၀ အထိ ပြန်ဆပ်၊ ပြန်ချေးပုံစံနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် ရေရှည်မှာ တောင်သူတွေအတွက် ပိုမိုအဆင်ပြေ သွားမှာပါ” ဟု ဦးမင်းသူ က ပြောသည်။

 

 

“ကျွန်တော်တို့ကို လက်ရှိစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ဆောင်းချေးငွေ၊ မိုးကြို ချေးငွေ၊ မိုးချေးငွေနဲ့ ကိုဗစ် ချေးငွေဆိုပြီး ချေးပေးပါတယ်။ အခုထုတ်ချေးမယ့် ချေးငွေက ကျွန်တော်တို့ တောင်သူတွေ ရရှိနေတဲ့ စပါးတစ်ဧက တစ်သိန်းခွဲ၊ အခြားသီးနှံ တစ်သိန်းအပြင် ထပ်ဆောင်းထုတ်ချေးတဲ့ ချေးငွေဖြစ်တဲ့အတွက် ကျွန်တော်တို့ တောင်သူတွေအတွက် ပိုမိုအဆင်ပြေပါတယ်” ဟု စလင်းမြို့နယ်မှ တောင်သူ ဦးဇော်ဆန်းဌေးက ပြောသည်။

 

 

“မနှစ်က စပါးနဲ့ အခြားသီးနှံ အပါအဝင် စိုက်ပျိုးစရိတ် ကိုးသိန်း ရပါတယ်။ ကိုဗစ်စဖြစ်တဲ့ အချိန်ကတည်းက ပွဲရုံတွေလည်း ပိတ်ထားတော့ သီးနှံတွေကလည်း မရောင်းရသေးဘူး။ အခုတော့ ပွဲရုံတချို့ ပြန်ဖွင့်နေပြီဖြစ်ပေမယ့် ဈေးက မကောင်းသေးဘူး။ လက်ရှိမှာ မိုးစပါးနဲ့ ဝါ၊ နှမ်း စိုက်ပျိုးဖို့အတွက် လယ်ယာတွေကို ကြိုတင်ပြင်ဆင် နေပါပြီ။ လယ်ယာကြိုတင် ပြင်ဆင်တဲ့ လုပ်ငန်းတွေအတွက် ငွေက လိုနေပြီ။ ငွေကြေး ခက်ခဲတဲ့ တောင်သူတွေက အပြင်က ငွေချေးမယ်ဆိုရင် အတိုးနှုန်းကများတယ်။

 

 

အစိုးရက ကိုဗစ် ချေးငွေအဖြစ် ထပ်မံချေးပေးသွားမယ်ဆိုတော့ တောင်သူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။ အတိုးနှုန်းလည်း နည်းတယ်။ ဒီချေးငွေက တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မှာပါ” ဟု တောင်သူ ဦးဇော်ဆန်းဌေးက ဆက်လက်ပြောကြားသည်။

 

 

ယခုထပ်မံ ထုတ်ထုတ်ချေးမည့် ထပ်ဆောင်းချေးငွေကို  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် ၅၇ ခုနှင့် မြို့နယ်ဘဏ်ခွဲ ၁၅၁ ခု တို့မှ တောင်သူလယ်သမားများထံ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ- မျိုးသူဟိန်း