နေပြည်တော် ဇွန် ၁၉

 

 

မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ လူကုန်ကူးခံရသူများအား လက်ခံစောင့်ရှောက်ထားသည့် ဂေဟာများမှ မြန်မာနိုင်ငံသား(၇၉)ဦးအား ဇွန် ၂၉ ရက်တွင် လွှဲပြောင်းလက်ခံနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်သည်။

           

 

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကောင်စစ်ရေးရာနှင့် ဉဒေရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား မှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ UNICEF, IOM, World Vision, Save the Children တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

           

 

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား(၇၉)ဦးကို ဇွန် (၂၉)ရက်တွင် မဲဆောက်-မြဝတီလမ်းကြောင်းမှ နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းလက်ခံခြင်း၊ နေရပ်ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ လူကုန်ကူး ခံရသူများအား ထောက်ပံ့ကူညီပေးရေးတို့ကို သက်ဆိုင်ရာဌာနအလိုက် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

(သတင်းစဉ်)