နေပြည်တော် ၁၉ ဇွန်
(၄၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ ခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ် Regional Cooperation and Operations Coordination Division မှဒါရိုက်တာ Mr. Alfredo Perdiguero နှင့် Project Administration ဌာနမှ Unit Head ဖြစ်သူ Mr. Steven Schipani၊ မဟာ မဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အမှုဆောင်ဒါရိုက်တာ Mr. Jens Thraenhart နှင့် အခြားဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြသည်။
ယခုကျင်းပသည့် (၄၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်း အဝေးတွင် ကိုဗစ်-၁၉ကာလအတွင်း မဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်နေရသည့် အခြေအနေများ၊ Post COVID-19 ကာလ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ပြင်ဆင်ချမှတ်သင့်သော လုပ်ငန်းအစီအစဉ်များ၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းဈေးကွက်မြှင့်တင်မှု အစီအစဉ် (၂၀၁၅-၂၀၂၀) အား အကောင်အထည်ဖော်ဆောင်ရွက် နေမှုများနှင့် ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံးမှ ဆောင်ရွက်နေသည့် မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ချက်များ၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့၏ ၂၀၂၀ လုပ်ငန်းအစီအစဉ်များ၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပရေး အစီအစဉ်များ၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ ကိစ္စများ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင် နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် နေမှုများ၊ Post COVID-19 ကာလတွင်ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ကြမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)


