ထန်တလန် ၁၉ ဇွန်
ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်နှင့်ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထန်တလန်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးသက်က နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ထန်တလန်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ သက်ကြီးဘိုးဘွား ၂၂၃ ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၃၃၈၀၀၀၀ (သိန်းတစ်ရာ့သုံးဆယ်သုံးသိန်းရှစ်သောင်း တိတိ)ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးတင်အောင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ အဖွဲ့(၃)ဖွဲ့ဖြင့် လစဉ်နိုင်ငံတော်မှ ထောက်ပံ့လျက်ရှိသော လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ဖြင့် ဧပြီလ၊ မေလ၊ ဇွန်လအတွက် ငွေကျပ် ၃၀၀၀၀ နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ၃၀၀၀၀ ကျပ် စုစုပေါင်း ၆၀၀၀၀ နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘိုဘွားများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်းရှိကျေးရွာများမှ သက်ကြီးအဘိုးအဘွားများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ အိမ်အရောက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


