နေပြည်တော် ၁၉ ဇွန်
တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ကိုင်သူများ ဝယ်ယူအသုံးပြုသည့် မြေဩဇာများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်ဝရေး၊ အတုအပကင်းစင်ရေး တို့အတွက် မြေဩဇာကော်မတီက မြေဩဇာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း စသည့်လုပ်ငန်းများအား စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့် မြေဩဇာကော်မတီ၏ (၃၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
မြေသြဇာ အပင်များအတွက် လိုအပ်သည့်အာဟာရအချိုးအစားများ သတ်မှတ် အရည်အသွေး ပြည့်မီစေရန် ၊ အရည်အသွေးနှင့်စျေးနှုန်းမျှတမှုရှိစေရေး၊ လျှောက်ထား လာသည့် မြေဩဇာများကို မြေသြဇာနည်းပညာကော်မတီ က နည်းပညာပိုင်းအရစိစစ်ပြီး ထောက်ခံတင်ပြလာသည့် မြေဩဇာမှတ်ပုံတင်လျောက်ထားချက်များအား မြေဩဇာကော်မတီက မှတ်ပုံတင်ခွင့်ပြုပေးလျက်ရှိသည်။
ထို့အပြင် တောင်သူများ ဈေးနှုန်း သက်သာစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး အတွက် Mobile Bagging Machine ဖြင့် မြေဩဇာထုတ်လုပ်ခြင်းကို ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
ယနေ့ကျင်းပသည့် မြေဩဇာကော်မတီ ၏ ( ၃၁ ) ကြိမ်မြောက် အစည်းအဝေးတွင် မြေဩဇာမှတ်ပုံတင် လျှောက်လွှာ ၃၀၆ စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းမြေဩဇာမှတ်ပုံတင် ၇၅၁၅ စောင်ထုတ်ပေးခဲ့ပြီးဖြစ်သည်။ သက်တမ်းကျော်လွန်သဖြင့် ဌာနမှဖျက်သိမ်းခဲ့သည့် မြေသြဇာမှတ်ပုံတင်စုစုပေါင်း ၁၁၇၃ စောင်ရှိကာ ကာယကံရှင်မှ တင်ပြလာသဖြင့် မှတ်ပုံတင်ပယ်ဖျက်ခဲ့မှု စုစုပေါင်း ၁၀၆၈ စောင်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


