နေပြည်တော် ၁၉ ဇွန်
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် ပြည်ပနိုင်ငံအသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၄၁၈၃ ဉီးအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့တွင်လည်း ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး အခက်အခဲကြုံ တွေနေရသော မြန်မာနိုင်ငံသား ၈၀ အား (Myanmar National Airline-MNA)ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၇ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့အပြင် မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ Imperial Garment Sdn Bhd နှင့် Pen Apparel Sdn Bhd တို့တွင် အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား ၁၃၇ ဦးအားလည်း ကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ပေးသည့် အထူးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သည် (Myanmar Airways International-MAI)ဖြင့် မွန်းလွဲ ၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ လန်ဒန်မြို့၌ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသင်္ဘောသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၅၀ ဉီးခန့်အားလည်း သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများနှင့် မြန်မာ သံရုံး၊ လန်ဒန်မြို့တို့ ပူးပေါင်းစီစဉ်လျက် Qatar Airways ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ရာ ဇွန်လ ၂၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
သတင်းစဉ်


