ရန်ကုန်   ၁၉   ဇွန်

 

၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊  မင်္ဂလာခန်းမ၌ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးကြည်မင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုနှစ်တွင် ကျင်းပမည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ (၇)ခု တို့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့်လည်း သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။

 

(၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ (၃)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂၆)ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ အစည်းအဝေးကို ဇွန်လ(၁၅)ရက်နေ့တွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍လည်းကောင်း၊ ဇွန်လ (၁၇)ရက်နေ့တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်၍ လည်းကောင်း အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့သည်ကို သိရှိရပါကြောင်း၊ သက်ဆိုင်ရာ ကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြား လိုပါကြောင်း။

 

အာဇာနည်နေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျ ဖြစ်သော်လည်း ယနေ့ ကာလသည် ကမ္ဘာ့ကပ်ရောဂါ  Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသည့် အချိန်ကာလ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ကပ်ရောဂါကို စနစ်တကျ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်  အချိန်ကာလလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၇၃)နှစ်မြောက် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီး ကိစ္စရပ်အနေဖြင့် ထည့်သွင်း စဉ်းစားဆောင်ရွက်သွား ကြရမည်ဖြစ်ပါ ကြောင်း။

 

အထူးသဖြင့် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့်နေရာများ အားလုံးတွင် ရောဂါကင်းရှင်းရေးအတွက် ကြိုတင်၍ ပိုးသတ်ဆေးများ ဖျန်းထားရန်နှင့် အဆိုပါ နေရာများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက် လာသူများနှင့် ထိတွေ့နိုင်မှုများရှိပါက ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင် ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် Social Distancing အတိုင်း အမှတ်အသားများ ကြိုတင်သတ်မှတ် ဆောင်ရွက်ထားရန် လိုအပ်မည် ဖြစ်ပါ ကြောင်း။

 

ယခုနှစ်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားအနေဖြင့် လက်ရှိဖြစ်ပေါ် နေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုခြင်းအခမ်းအနား၊ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံ တင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနား၊ နေပြည်တော် ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့၊ မြို့တော်ခန်းမတို့တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကိုသာ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

 

 ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ နတ်မောက်မြို့ရှိ  ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ ရန်ကုန်မြို့၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှိ အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့်အခန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးခန်းမတို့ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ထားပြီး  ဖြစ်ပါကြောင်း။

 

ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပမည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြမည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များ အပါအဝင် တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့၏ ယာဉ်များပေါ်တွင်သာ အဆင်သင့်ရှိနေပြီး မိမိအလှည့်ရောက်မှသာ ယာဉ်ပေါ်မှဆင်း၍ ဂါရဝပြုရန် စီစဉ်ပေးရမည် ဖြစ်ပါကြောင်း၊ ဂါရဝပြုရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသော Social Distancing  နှင့်အညီ စနစ်တကျဖြစ်စေရေး၊ လစ်ဟာမှု မရှိစေရေး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက် ဖြစ်စေရေးတို့အတွက် စနစ်တကျစီမံ ဆောင်ရွက်သွားရန်နှင့် အချိန်ကိုက်ဖြစ်အောင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်း အကြိမ်ကြိမ်  ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဝတ်စုံပြည့် ကြိုတင် ဇာတ်တိုက် လေ့ကျင့်မည့်ရက်နှင့် အခမ်းအနား ကျင်းပမည့်ရက်တို့တွင် ကားလမ်းများ ပိတ်ဆို့မှုမဖြစ်အောင် လမ်းလွှဲများ စီမံဆောင်ရွက် ပေးထားရန်နှင့် ပြည်သူလူထုကိုလည်း ကြိုတင်အသိပေး နိုးဆော်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည့်အတွက် တက်ရောက် ဂါရဝပြုသည့်အခါ ပြည်ထောင်စု အင်္ဂါစဉ်နှင့်အညီ စီစဉ်ဆောင်ရွက်ရန်နှင့် နိုင်ငံခြားသံရုံးများကိုလည်း ဝါစဉ်အတိုင်း စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိုးရာသီ ဖြစ်သည့်အတွက် ဂါရဝပြုသူများ အဆင်ပြေ ချောမွေ့စေရေး လိုအပ်သည်များကို ကြိုတင်စီမံ ဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း။

 

ပြည်သူများ လာရောက် ဂါရဝပြုနိုင်မည့် အချိန်နှင့် ဆောင်ရန်ရှောင်ရန် အချက်များကိုလည်း ကြိုတင်သိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြား၊ သတင်းစာများနှင့် ရေဒီယိုများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ ပေးသွားရန်လိုပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ယခုနှစ် ဂါရဝပြုသည့်အခါ တစ်ဦးချင်း (၆)ပေအကွာ ရှေ့နောက်တန်းစီပြီး (၁၀)ယောက်တစ်ဖွဲ့စီဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဂါရဝပြုရန် စီစဉ်ထားပါကြောင်း၊ ထို့အပြင် အခမ်းအနားကျင်းပမည့် နေ့တွင်လည်း ဆောင်ရန်ရှောင်ရန်နှင့် ကျန်းမာရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များကို ပိုစတာများ၊ လက်ကမ်းစာ စောင်များ၊ Hand Speaker များနှင့်လည်း အသိပေး ကြေညာသွားရန် လိုအပ်သည်ကို ပြောကြားလိုပါကြောင်း။

 

ထို့အပြင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ ကျင်းပမည့် နိုင်ငံတော်အလံ တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သတ်မှတ် ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ သင့်လျော်သည့် လူဦးရေဖြင့်သာ စနစ်တကျစုဖွဲ့၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်သွားရန် ပြောကြားလိုပါကြောင်း။

 

(၇၃)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့၊ မြို့တော်ခန်းမတို့တွင် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီနှင့်  ဆပ်ကော်မတီ များအနေဖြင့် ယခင်နှစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပြင် လက်ရှိဖြစ်ပွား နေသည့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကိုပါ ထည့်သွင်း စဉ်းစား၍ အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ ထို့အပြင် အခမ်းအနားတွင် ဆက်ကပ်မည့် ဆွမ်းဟင်းနှင့် ဧည့်ခံမည့် အစားအသောက်များ ပြင်ဆင် ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးအပိုင်းကို အထူးအလေး ထား ဆောင်ရွက်ရန်နှင့် လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် လုံခြုံရေးလုပ်ငန်းတာဝန် (၁၂)ချက်နှင့်အညီ စနစ်တကျစီမံချက်များ ရေးဆွဲကာ လစ်ဟာမှုများမရှိအောင် ဟန်ချက် ညီညီ ပေါင်းစပ်ညှိနှိုင်းကာ အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွား ကြရမည် ဖြစ်ပါ ကြောင်း။

 

(၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့်  ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တွေ့ကြုံရသော အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် စီမံခန့်ခွဲရေးရှုထောင့်၊ လုံခြုံရေး ရှုထောင့်တို့အပြင် ကျန်းမာရေးရှုထောင့်ကိုပါ ထည့်သွင်းစဉ်းစားပြီး အားနည်းချက်မရှိအောင် အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

a12342

 

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် အခမ်းအနားကျင်းပသည့် နေ့တွင် လူစုလူဝေးမဖြစ်စေရေး အတွက် Social Distancing နှင့် အညီစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊  ယာယီရဲမှူးချုပ် ဝင်းမင်းသိန်းနှင့် ရဲမှူးကြီး ကျော်သီဟတို့က အာဇာ နည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာအကြံ ပြုချက်များ၊ လုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကြည်မင်းက အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီများနှင့် ဆပ်ကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက အာဇာနည်နေ့ အခမ်းအနားသို့ တက်ရာက်ဂါရဝ ပြုမည့်ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး ပါတီများနှင့် ပါတီရုံးခွဲများမှ ကိုယ်စားလှယ်များစာရင်း၊ ဖိတ်ကြားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ  ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ နှင့်စပ်လျဉ်း၍  အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦးတင်မောင်ကြည် တို့က လည်းကောင်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ နှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ ဦးဇော်အေးမောင် နှင့် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင် တို့က လည်းကောင်း၊ လွမ်းသူ့ပန်းခွေချ အလေးပြု အခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ နှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌ ဦးဟံထွန်းကလည်းကောင်း ကျန်းမာရေးဆပ်ကော်မတီ နှင့် စပ်လျဉ်း ၍ ဥက္ကဋ္ဌ ဦးနိုင်ငံလင်းကလည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်စိုးမိုးကလည်းကောင်း၊ ဆွမ်းဆက်ကပ်ရေး နှင့် ဧည့်ခံ ကျွေးမွေးရေး ဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနားကျင်းပရေး ဆပ်ကော်မတီတို့နှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် ဒုတိယဥက္ကဋ္ဌ(၂) ဦးသန်းတို့က လည်းကောင်း သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ ဆက်လက်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံနှင့် ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး များဖြစ်ကြသည့် ဦးသိန်းနိုင်နှင့် ဦးကြည်ထွန်းတို့က အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ  ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။

 

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် အတူ ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ များ၊ ဇာတ်တိုက်လေ့ကျင့်နေမှု အခြေအနေများနှင့် အခမ်းအနား ကျင်းပရာတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော Social Distancing နှင့် အညီဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်