နေပြည်တော် ၁၉ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Focal Ministry အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ မြန်မာနိုင်ငံရှိလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များကို လုပ်သားဈေးကွက်အတွင်းရှိ Stakeholder များအား အချိန်နှင့်တပြေးညီ အသိပညာမျှဝေ ပေးရန် www.nssa.gov.mm NSSA Web Portal စမ်းသပ်ထုတ်လွှင့်မှုကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က NSSA Web Portal ကိုGIZ နှင့် Information Matrix Co., Ltd အကူအညီဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက် ခဲ့မှုအား ဦးစွာရှင်းလင်းတင်ပြပြီး ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြား ရေးမှူးက NSSA Web Portal Design နှင့် System တည်ဆောက်ထားမှုအဆင့်ဆင့်နှင့် စမ်းသပ် ထုတ်လွှင့်မှု ကိုရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာလုပ်သားဈေးကွက်အတွက် NSSA မှ တာဝန် ယူဆောင်ရွက်နေသော ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို NSSA Web Portal မှတစ်ဆင့် ပါဝင်ပတ်သက်သူအားလုံးထံ အချိန်နှင့်တပြေးညီသတင်းအချက်အလက်များ မျှဝေပေး ရန်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် အစိုးရဘတ်ဂျက်ပေါ် မူတည်၍ လုပ်ရန်ခက်ခဲသဖြင့် သင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း၊ အချိန်နှင့် တစ်ပြေးညီနောက်ဆုံးရရှိထားသည့် အချက်အလက်များ ထုတ်လွှင့်နိုင်ရေး ဝန်ထမ်းများကို သတ်သတ် မှတ်မှတ်တာဝန်ပေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ NSSA Web Portal သည် လုပ်သားဈေး ကွက်တွင် ပြောင်းလဲနေသော အနာဂတ်အလုပ်အကိုင် (Future Work) အတွက် ချိတ်ဆက်စဉ်းစား ရမည့်စနစ်ဖြစ်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ NSSA Web Portal ကို Server စနစ်ဖြစ်ထားရှိပြီး National Server နှင့် ချိတ်ဆက်ရန်လိုကြောင်း၊ ယနေ့စတင် စမ်းသပ်ထုတ်လွှင့်မှုမှ အစပြု၍ သက်ဆိုင်သူများထံမှ အကြံပြုချက်များရယူကာ လိုအပ်ချက်များ ထပ်မံအားဖြည့်ရန်လိုကြောင်း၊ NSSA Web Portal ထုတ်လွှင့်နိုင်ရေး နည်းပညာ နှင့်လိုအပ်သည်များ ထောက်ပံ့ကူညီပေးသော ဂျာမန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(GIZ) နှင့် Information Matrix Co., Ltd ကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ပြောကြားသည်။
NSSA Web Portal တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့အကြောင်းအရာများကဏ္ဍ၊ သိရှိလေ့လာရန်ကဏ္ဍ၊ အသိအမှတ်ပြုလက်မှတ်များကဏ္ဍ၊ ဥပဒေ လမ်းညွှန်ချက်နှင့် လက်စွဲများကဏ္ဍ၊ လျှောက်လွှာများ လျှောက်ထားရန်ကဏ္ဍ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍနှင့် လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ သတင်းနှင့်မီဒီယာကဏ္ဍများကို ခေါင်းစဉ်ကြီးများဖြင့် ဖော်ပြ ထားပြီးအောက်တွင်လည်း သတင်းခေါင်းစဉ်ငယ်များဖြင့် အသေးစိတ်ဖော်ပြပေးထားသည်။
NSSA Web Portal ကိုအသုံးပြုရာတွင် လွယ်ကူရန်အတွက် အလုပ်သမားများ၊ အလုပ် အကိုင် ဆိုင်ရာကျွမ်းကျင်မှု စိစစ်အကဲဖြတ်ခံယူလိုသူနှင့် သက်မွေးပညာကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း တက်ရောက်လိုသူများ ဝင်ရောက်ကြည့်ရှုနိုင်သော လမ်းကြောင်း၊ သက်မွေးပညာ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ဌာနများ ဝင်ရောက်ကြည့်ရှုနိုင်သောလမ်းကြောင်း၊ အလုပ်ရှင်များဝင်ရောက်ကြည့်ရှု နိုင်သောလမ်းကြောင်းများဖြင့် သတင်းအချက်အလက်များကို အလွယ်တကူဝင်ရောက် ကြည့်ရှုနိုင် သည်။
NSSA Web Portal ကိုအသုံးပြုခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ သတင်း အချက်အလက်များ၊ သက်မွေးပညာ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းဆိုင်ရာသတင်းအချက် အလက်များ၊ ဘဝတစ်သက်တာ ကျွမ်းကျင်မှုလေ့ကျင့်ဆည်းပူးနိုင်သော နည်းလမ်းဆိုင်ရာ သတင်း အချက်အလက်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြု လက်မှတ်ဆိုင်ရာသတင်းအချက်အလက်များကို အသိပညာဝန်ဆောင်မှုပေးရုံသာမက အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များမှန်ကန်မှုအတွက် ဝင်ရောက် စစ်ဆေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


