နေပြည်တော် ၁၉ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနတို့အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်နှင့်အညီ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံ၏ အကျိုးစီးပွား၊ ပြည်သူလူထု၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ “ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” နှင့်အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်အပေါ် အခြေခံပြီး ဆောင်ရွက်လျက် ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် များ စီစဉ်ဆောင်ရွက်နိုင်ခဲ့ခြင်းကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါကြောင်း။
စတုတ္ထ(၁)နှစ်တာအတွင်း နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ပခရီးစဉ် ၃-ခု သွား ရောက်ခဲ့ပြီး ပထမခရီးစဉ်သည် ဗီယက်နမ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်မှ ၁၄ ရက် အထိ အလုပ်သဘောခရီးစဉ်နှင့် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားသို့ တက်ရောက်သည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ၂၀၁၉ ခုနှစ် မေ ၃၀ မှ ၃၁ရက် အထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ လည်းကောင်း သွားရောက်ခဲ့ပါကြောင်း။
ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ပခရီးစဉ် ၈-ခု သွားရောက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် BRI ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၇ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ချက်သမ္မတနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှ ၄ ရက်အထိ လည်းကောင်း၊ ဟန်ဂေရီနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်မှ ၇ ရက်အထိလည်းကောင်း၊ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိလည်းကောင်း၊ ဂျပန်နိုင်ငံ ဧကရာဇ်သစ် နန်းတက်ပွဲ တက်ရောက်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ မှ ၂၄ ရက်အထိလည်းကောင်း၊ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိလည်းကောင်း၊ ကိုရီးယားနိုင်ငံသို့ အာဆီယံ-ကိုရီးယား နှစ် (၃၀)ပြည့် ထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ လည်းကောင်း သွားရောက်ခဲ့ပါကြောင်း။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့ပါကြောင်း။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှားသမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် 2nd Asia-Pacific Summit တက်ရောက်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ၂၁ ရက်အထိလည်းကောင်း၊ ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် The World Peace Summit တက်ရောက်ရန် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိလည်းကောင်း သွားရောက်ခဲ့ပါကြောင်း ။
နိုင်ငံတော်အဆင့်လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်များအနေဖြင့် ကိုရီးယား သမ္မတနိုင်ငံသမ္မတ မွန်ဂျေအင်းနှင့် ဇနီးတို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့ပြီး နီပေါနိုင်ငံ သမ္မတ ဘီဒီယာဒေဗီ ဘန်ဒရီသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ ၂၀ အထိလည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖုသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိလည်းကောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ လာရောက်ခဲ့ပြီး ၂၀၀၁ ခုနစ် ကျန်ဇီမင်းခရီးစဉ်နောက်ပိုင်း နှစ် (၂၀)အတွင်း ပထမဆုံးခရီးစဉ်ဖြစ်ကာ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့်တွင် လာသည့်ခရီးစဉ်ဖြစ်ပါကြောင်း၊ ထို့အတူ ဆေရှဲလ်နိုင်ငံ ဒုတိယသမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ခရီးစဉ်များလည်း ရှိခဲ့ပါကြောင်း။
ပူးပေါင်းဆောင်ရွက်မှုအရှိန်ကို မြှင့်တင်နိုင်ခဲ့သည့်လုပ်ငန်းစဉ်များကို တင်ပြလိုပါကြောင်း၊ ချစ်ကြည်ရေးခရီးစဉ်များမှ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် များကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ သာဓကအချို့ကို ထုတ်နုတ်ဖော်ပြရမည်ဆိုပါက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်(၁၀)ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ်ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (၄) ခု၊ စုစုပေါင်းစာချုပ် (၅) ခုအား လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း။
နီပေါနိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ခရီးသွားလာရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် (၂)ခု ကို လက်မှတ်ရေးထိုးလဲလှယ်နိုင်ခဲ့ပါကြောင်း။
ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူ စာချုပ်နှင့် ကုန်သွယ်ရေး၊ စက်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးလုပ်ငန်းသစ်များကို တီထွင် ဆန်းသစ်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြားကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာနှင့် စာလွှာ စုစုပေါင်း (၃၃)ခုကို လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့ပါကြောင်း။
သံတမန်အဆက်အသွယ် တိုးချဲ့ထူထောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ဘီနင်သမ္မတနိုင်ငံ၊ တိုဂိုသမ္မတနိုင်ငံတို့နှင့် သံတမန်ဆက်သွယ်မှု တိုးချဲ့ထူထောင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃)နိုင်ငံအနက် နိုင်ငံပေါင်း (၁၂၃)နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု ထူထောင်ထားရှိပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အိမ်နီးချင်း (၅)နိုင်ငံနှင့် နယ်နိမိတ်အရှည် စုစုပေါင်း မိုင်(၄,၀၀၀) နီးပါးရှိပြီး ကမ်းရိုးတန်းအရှည် မိုင် (၁၂၀၀)ကျော်ရှိပါကြောင်း။ မပြီးပြတ်သေးသည့် နယ်နိမိတ်ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နောင်လာနောက်သားများကို ကောင်းမွန်သည့် အမွေအနှစ်များပေးနိုင်မည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအကောင်းဆုံး ရောက်ရှိနေသည့် ယခုအချိန်အခါတွင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနှင့် ထိုင်းနယ်နိမိတ်သည် (၁၃၁၈) မိုင်ရှည်လျားပြီး လက်ရှိတွင် အရှည်(၃၆) မိုင်ရှိသည့် မဲဆိုင်-မဲဟောက်ချောင်းနယ်နိမိတ်ကိုသာ ပုံသေနယ်နိမိတ် (Fixed Boundary)အဖြစ် ၁၉၉၁ ခုနှစ်တွင် သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ နယ်နိမိတ်မှတ်တိုင် (၄၉၂) တိုင်စိုက်ထူထားပြီး မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား နယ်နိမိတ် မြစ်၊ ချောင်းများတွင် မြေထိန်းနံရံများ ဆောက်လုပ်ရာ၌ ပွင့်လင်းမြင်သာမှုရှိရန်နှင့် အငြင်းပွားမှုများမရှိစေရန် နှစ်ဖက် လေးစားလိုက်နာရမည့် Technical Guidelines ကို ရေးဆွဲသဘောတူညီမှု ရယူ နိုင်ခဲ့သည့်အပြင် မဲဆိုင်-မဲဟောက်ချောင်း ပုံသေနယ်နိမိတ်တစ်လျှောက်တွင် နယ်နိမိတ် ရှင်းလင်းထင်ရှားစေရန် ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ကွင်းဆင်းရာသီတို့တွင် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲစစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်သည့်နေရာများတွင် ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနှင့် အိန္ဒိယနယ်နိမိတ်အရှည်သည် (၉၀၇)မိုင်ရှိကာ မှတ်တိုင် (၂၃၈)တိုင် စိုက်ထူထားကြောင်း၊ မပြီးပြတ်သေးသည့် ၂-နေရာရှိပြီး မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ ဆုံမှတ်နေရာ (၇၉)မိုင်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကဘော်ချိုင့်ဝှမ်းဒေသ နယ်နိမိတ် မှတ်တိုင် (၉)တိုင် ၂၄ မိုင်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပူးတွဲ၍ မြန်မာ- အိန္ဒိယ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၄၅ နှင့် ၁၄၆ ကြားတွင် ထပ်တိုးမှတ်တိုင် ၃၈ တိုင်၊ မှတ်တိုင်အမှတ် ၈၀ နှင့် ၈၂ ကြားတွင် ထပ်တိုးမှတ်တိုင် ၃၆ တိုင်၊ မှတ်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြား ၌ ထပ်တိုးမှတ်တိုင် ၄ တိုင်တို့ကို အသီးသီး စိုက်ထူနိုင်ခဲ့ပါကြောင်း။
ထို့ပြင် ၂၀၁၉-၂၀၂၀ ခုနှစ် ကွင်းဆင်းရာသီ၌ အိန္ဒိယနိုင်ငံနှင့်ပူးတွဲ၍ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်း နှင့် အဆောက်အဦ မဆောက်လုပ်ရဇုန် ပူးတွဲစစ်ဆေးခြင်းတို့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ၂၀၂၀ ခုနှစ် မတ် ၂၀ ရက်အထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာ-တရုတ် နယ်နိမိတ်အရှည်သည် (၁၃၈၄)မိုင်ရှိကာ ၁၉၆၀ ပြည့်နှစ်တွင် ဘဘ စစ်ဆင်ရေးဖြင့် တိုင်းတာသတ်မှတ်ခဲ့ပါကြောင်း၊ နယ်နိမိတ်မှတ်တိုင် (၄၉၈)တိုင် စိုက်ထူထားပြီး နယ်နိမိတ်အခြေပြစာချုပ်ကို ၁၉၆၁ ခုနှစ်တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ ပထမအကြိမ်ပူးတွဲ ၁၉၈၆ ခုနှစ်နှင့် ဒုတိယအကြိမ်ပူးတွဲ ၁၉၉၅ ခုနှစ်တွင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံနယ်နိမိတ်ပူးတွဲ စစ်ဆေးမှုကို မပြုလုပ်နိုင်ခဲ့သည်မှာ (၂၅)နှစ် ကြာမြင့်ပြီဖြစ်ခြင်းကြောင့် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဆင့် ညှိနှိုင်းအစည်း အဝေးများကို နှစ်နိုင်ငံ တစ်လှည့်စီ ကျင်းပလျက်ရှိရာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အစည်းအဝေး (၅)ကြိမ် ကျင်းပနိုင်ခဲ့ပြီး ကောင်းကင်ဓာတ်ပုံ ပူးတွဲရိုက်ကူးမှု (၉၄ ရာခိုင်နှုန်း) ပြီးစီးခဲ့ပြီဖြစ်ပါကြောင်း။
မြန်မာနှင့် လာအိုနယ်နိမိတ်အရှည် မဲခေါင်မြစ် (၁၄၉) မိုင်ရှိပြီး ၁၉၉၁-၉၃ ခုနှစ် အတွင်း တိုင်းတာသတ်မှတ်ခဲ့ပါကြောင်း၊ ရည်ညွှန်းမှတ်တိုင် (၈၆) တိုင်စိုက်ထူထားပြီး ပုံသေနယ်နိမိတ် သတ်မှတ်ခြင်းစာချုပ်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အရှည် (၁၆၉)မိုင်ရှိပြီး နတ်မြစ် (၃၉ ဒသမ ၈ မိုင်)နှင့် နတ်မြစ်မြောက်ဖက်ကုန်းပိုင်း (၁၂၉ ဒသမ၂ မိုင်) ရှိပါကြောင်း၊ နတ်မြစ်၏ အဓိကရေနက်စီးကြောင်းပုံသေနယ်နိမိတ်အဖြစ် သတ်မှတ်ခြင်းဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၆၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပုံသေနယ်နိမိတ်အမှတ်ပေါင်း (၃၀) ရှိ ကာ နှစ်နိုင်ငံပူးတွဲ ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းကို ၂၀၀၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း။
နတ်မြစ်မြောက်ပိုင်း ကုန်းပိုင်းနယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ် ကို ၁၉၉၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နယ်နိမိတ်မှတ်တိုင်ပေါင်း (၅၃)တိုင် စိုက်ထူ ထားကာ နှစ်နိုင်ငံပူးတွဲ ကွင်းဆင်းစစ်ဆေးပြုပြင်ခြင်းကို ၂၀၀၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး နတ်မြစ်မြောက်ပိုင်း ကုန်းပိုင်းနယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အတည်ပြုစာချွန်လွှာကို ၂၀၁၇ ခုနှစ်တွင် လဲလှယ်ခဲ့ပါကြောင်း။
ကောင်စစ်ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံတော်ဝင်ငွေကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းရှာဖွေပေးလျက်ရှိရာ စတုတ္ထ (၁)နှစ်တာကာလအတွင်း ကောင်စစ်ရေးရာဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပြည်ဝင်ဗီဇာ၊ ဝင်ငွေခွန်၊ နိုင်ငံကူးလက်မှတ် ဆောင်ရွက်ခနှင့် အခြားဆောင်ရွက်ပေးမှုများမှ ကျပ် ၃၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၆ သန်း) ကို ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။
ကိုဗစ်-၁၉ စတင်ဖြစ်ပွားပြီးနောက် မြန်မာအစိုးရသည် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန်မြို့တွင် ပညာသင်ကြားနေကြ သည့် မြန်မာနိုင်ငံသား ပညာသင် ၅၉ ဦးကို အထူးလေယာဉ်စေလွှတ်ပြီး ပြန်လည် ခေါ်ဆောင်ခဲ့ပါကြောင်း။
၂၀၂၀ ခုနှစ် ဇွန် ၁၈ ရက်အထိ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပနိုင်ငံ အသီးသီးမှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံသားစုစုပေါင်း (၄,၅၈၇) ဦးရှိပါ ကြောင်း၊ ထိုင်းနိုင်ငံ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၃၁,၀၀၀) ရှိပါကြောင်း၊ တရုတ်နိုင်ငံ၊ နယ်စပ်ဂိတ် များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံသားစုစုပေါင်း (၉,၇၁၂) ဦး ရှိပါကြောင်း။
ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အခြားတိုးတက်မှု ရလဒ်များကိုလည်း ရရှိခဲ့ပါကြောင်း၊ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အကောင်အထည်ဖော်မှုလုပ်ငန်းအစီအစဉ် (IAI)အောက်မှ စင်ကာပူနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ-စင်ကာပူ သင်တန်းကျောင်းတွင် သင်တန်း ပေါင်း (၄၇၀)ခုကို ဖွင့်လှစ်ပို့ချခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ (၄) နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း သင်တန်းသား (၁၁,၇၄၀)ဦးအား စွမ်းဆောင်ရည်မြှင့်တင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀)နှင့် ဝန်ကြီးဌာန (၁၀)ခုမှ အကောင်အထည်ဖော်မည့် စီမံကိန်း(၂၂)ခုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆ ဒသမ ၇)သန်းခန့်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုဖြင့် “မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ (Mekong- ROK Biodiversity Center)” အား မြန်မာနိုင်ငံတွင် ထူထောင်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပြည်ပမှ စွပ်စွဲနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိရေး ကိစ္စရပ်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manalo ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)ကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ၂၀-၁-၂၀၂၀ ရက်နေ့တွင် ICOE ဥက္ကဋ္ဌ က နိုင်ငံတော် သမ္မတထံသို့ အပြီးသတ်အစီရင်ခံစာကိုပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားရန် ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲများနှင့်အတူ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ထံသို့ ပေးပို့ထားပါကြောင်း။
ထိုကဲ့သို့ ဘက်ပေါင်းစုံမှ အားထုတ်ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအပေါ် ဖိအားပေးကြိုးပမ်းနေမှုများကို ယနေ့အချိန်ထိ ဟန့်တားထားနိုင်ခဲ့ပါကြောင်း။
ထိုသို့ဟန့်တားနိုင်မှုကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံ က “မြန်မာနိုင်ငံအား လူမျိုးသုဉ်းမှု တားဆီးရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ ကို ချိုးဖောက်သည်” ဟူသည့် စွပ်စွဲချက်နှင့် ဖိအားပေးလာသည့်အတွက် ICJ ၌ စနစ်တကျ ဖြေရှင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။
ယင်းတရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ ၌ ပြုလုပ်ခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဉီးဆောင်တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပကတိအခြေအနေမှန်များကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ပါကြောင်း။
ICJ က ချမှတ်ခဲ့သည့် ယာယီအစီအမံများနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်းရေး၊ တရားစီရင်မှုရင်ဆိုင်ရေးကိစ္စများတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးလျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံးများက ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများသို့ သံတမန်နည်းအရ စည်းရုံးချဉ်းကပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇွန် ၃၀ မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် သတ်မှတ်ခံရပါကြောင်း။
မြန်မာသံတမန်ဝန်ထမ်းများ လုပ်ငန်းတာဝန်များကို အပြည့်အဝ အလေးထား အာရုံစိုက်လျက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးပေးမှုတွင် ထူးခြားသောတိုးတက်မှုအဖြစ် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ အတွက် မရှိမဖြစ် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာအထောက်အပံ့များနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စရပ်များကို သိသိသာသာ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ကျန်းမာရေးအာမခံချက်ရှိရေးအတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ပြည်ပရှိ မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း(၁၀)ရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအာမခံထားရှိခွင့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ ခြင်းကြောင့် ပြည်သူ့အစိုးရ၏ (၄)နှစ်တာကာလအတွင်း မြန်မာသံရုံး/ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး စုစုပေါင်း (၂၉)ရုံးအတွက် ကျန်းမာရေး အာမခံများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
မိမိတို့ဝန်ကြီးဌာန (၂)ခုအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်စေရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဘက်မှ ပံ့ပိုးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ကိုဗစ်ကာလတွင် နေရပ်ပြန်မည့် မြန်မာနိုင်ငံ သားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုနှင့် အထောက် အထားမဲ့ မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် ကြုံတွေ့နေရသည့် အခက်အခဲများကို ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှုတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားပါကြောင်း၊ မည်သည့်နိုင်ငံသို့ မည်သည့်ပုံစံဖြင့် တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ဖြစ်ဖြစ် ရောက်ရှိနေပါက နိုင်ငံသားများကို မိမိတို့အနေဖြင့် ကူညီရမည့် တာဝန်ရှိပြီး မြန်မာသံရုံး အားလုံးသို့လည်း ညွှန်ကြားချက်ထုတ်ပြန်ကာ ကူညီဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့ကြောင့် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတိုင်းသည် ယင်းကပ်ရောဂါကို ခံစားနေရပြီး ယင်းနိုင်ငံများတွင်လည်း နိုင်ငံအလိုက်ချမှတ်ထားသည့် အကန့်အသတ်များ ရှိသည့်အတွက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး နိုင်ငံတိုင်းရှိ မြန်မာသံအမတ်ကြီး များက သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းရပါကြောင်း၊ သတိထားနေရသည်မှာ မိမိနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေရပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန် ချက်များနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက အမြဲတမ်းညှိနှိုင်း ဆောင်ရွက်ရပါကြောင်း။
ပြန်လည်ဝင်ရောက်လာမည့်သူများကို Quarantine Centre တွင် ထားရန်မှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရန် ကြိုးစားနေချိန်တွင် နိုင်ငံတွင်းရှိ ၅၂ သန်းသော ပြည်သူများက ရောဂါပိုးမကူးစက်ရန် အစိုးရက ဦးစားပေး ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ပြန်လည်ဝင်ရောက်မည့်သူများ သတ်မှတ်ထားသည့် နေရာများမှ ဝင်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းနေပါကြောင်း။
သို့ရာတွင် တရားဝင်သွားရောက်လုပ်ကိုင်နေသည့်သူများနှင့် တရားမဝင် သွားရောက်လုပ်ကိုင်နေသည့်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကူညီ ဆောင်ရွက်ရာတွင် မတူညီပါကြောင်း၊ တရားမဝင်သွားရောက်သူများသည် အထောက် အထားမရှိသည့်အတွက် ယင်းနိုင်ငံမှ မိမိတို့နိုင်ငံထဲသို့ခိုးဝင်သဖြင့် လူဝင်မှုကြီးကြပ်ရေး ဉပဒေကို ချိုးဖောက်သည့်အတွက် ပုံမှန်အားဖြင့် ယင်းနိုင်ငံ၏ တရားစီရင်ရေးကို ခံကြ ရပါကြောင်း။
သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပရောက်နိုင်ငံသားအားလုံး ပြန်လည် ခေါ်ဆောင်ရန် ပြင်ဆင်နေပါကြောင်း၊ ထို့သို့စီစဉ်ရာတွင်လည်း လူဝင်မှုကြီးကြပ်ရေး ဉပဒေကို ဖောက်ဖျက်မှုဖြင့် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများအား သတ်မှတ်သည့်ကာလပြီး သွားချိန်တွင် ပြန်ပို့ရန်ရှိပါကြောင်း၊ အကျဉ်းကျနေရင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အခြေအနေပေးသူများမှာ ၃၀၀၀ ခန့်ရှိပြီး မခေါ်ဆောင်နိုင်သေးပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပို၍အခက်အခဲရှိနေသည့်သူများအား ကူညီဆောင်ရွက်ပေးနေရမှုများ ရှိပါကြောင်း။
သို့သော် ကိုဗစ်-၁၉ ကာလတွင် မလေးရှားနိုင်ငံတွင် ကန့်သတ် သတ်မှတ်ချက် များရှိပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းများရပ်ဆိုင်းသွားသည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားသူများမှာ စားရေးသောက်ရေးအခက်အခဲများ ရှိကြပါကြောင်း၊ ထို့ကြောင့် စိတ်ဓာတ်ကျနေသူများလည်း ရှိပါကြောင်း။
မြန်မာနိုင်ငံမှ ပရဟိတအဖွဲ့များမှလည်း တတ်စွမ်းသမျှကူညီဆောင်ရွက်နေပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်နေပြီး တရားဝင် စာဖြင့် အကြောင်းကြားထားပြီး ဖုန်းဖြင့်လည်း မကြာခဏ အသိပေးပါကြောင်း၊ သံရုံးများ အနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက် နေပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ( International Court of Justice – ICJ ) မှ ချမှတ်ထားသည့် ကြားဖြတ်အစီအမံများကို ဝန်ကြီးဌာနအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ICJ ဒုတိယအကြိမ်အစီရင်ခံစာသည် နိုဝင်ဘာတွင် တင်ရ မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်ကာလဖြစ်သည့်အတွက် အထောက်အထားမဲ့ နိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာသံရုံးများကို ညွှန်ကြားထားမှု၊ ကူညီဆောင်ရွက် ပေးနေမှု နေရပ်ပြန်ရန်လိုအပ်နေသည့် ပြည်ပမှ အထောက်အထားမဲ့ နိုင်ငံသား အရေအတွက်၊ ပြည်ထောင်စုလွှတ်တော်တွင် ICJ အတွက် ဘတ်ဂျက်တောင်းခံမှု၊ ဘတ်ဂျက်ထဲမှ ရှေ့နေငှားရမ်းခအနေဖြင့် သုံးစွဲခွင့်၊ ရှေ့နေငှားရမ်းခ ပေးဆောင်နေမှု အခြေအနေ၊ နိုင်ငံကိုအကျိုးပြုလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ ဖိတ်ခေါ်ခဲ့သည့်အခြေအနေ၊ လျှောက်ထားသည့်ဦးရေ၊ သံတမန်ကျင့်ဝတ်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


